Thursday, April 18, 2013

သင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း ပြင်ပဈေးကွက်၌ နိုင်ငံခြား ငွေလဲနှုန်း မြင့်တက်လာပြီး ဧပြီလ ၁၈ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၈၉၇ကျပ်အထိ ဖြစ်နေ

မြန်မာနှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက်ကာလ အတွင်း ပြင်ပဈေးကွက် ၌ နိုင်ငံခြားငွေ လဲနှုန်း မြင့် တက်လျက်ရှိပြီး ဧပြီလ ၁၈ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျင် ၀ယ်ဈေး ၈၉၀ကျပ် ၊ ရောင်းဈေး ၈၉၇ ကျပ်အထိ ဖြစ်နေကြောင်း ပြင်ပ ငွေကြေးဈေးကွက်ထံမှ သတင်းရရှိသည်။
သင်္ကြန် နှစ်သစ်ကူးရုံးပိတ်ရက် မတိုင်မီ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းသည် ဧပြီလ ၁၁ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျင် ၈၈၄ကျပ်ဖြစ်ပြီး သိမ်ဖြူကောင်တာ ငွေလဲနှုန်းမှာ ၀ယ်ဈေး ၈၇၇ကျပ်၊ရောင်းဈေး ၈၈၆ကျပ် ဖြစ်သည်။ ပြင်ပဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျင် ၀ယ်ဈေး ၈၈၀ကျပ်၊ ရောင်းဈေး ၈၈၃ ကျပ်ဖြစ်သည်။
ပြင်ပ ငွေကြေးဈေးကွက် စတင်ဖွင့်ခဲ့သည့် ဧပြီလ ၁၈ရက် နံနက်ပိုင်းတွင် အမေရိကန် တစ်ဒေါ်လာလျင် ၀ယ်ဈေး ၈၈၈ကျပ်၊ ရောင်း ဈေး ၈၉၂ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲချိန်တွင် အမေရိကန် တစ်ဒေါ်လာ လျင် ရောင်းဈေး ၈၉၇ကျပ်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်းသည် မတ်လ ဒုတိယပတ်အတွင်း အမေရိကန် တစ်ဒေါ်လာလျင် ၈၉၃ကျပ်အထိ ဖြစ်ပေါ်ခဲ့ဖူးပြီး မတ်လတတိယပတ်မှ သင်္ကြန်မတိုင်မီ အချိန်အထိ ၈၈၀ ကျပ်ဝန်းကျင် ၌သာ တည်ငြိမ်ခဲ့သည်။
မြန်မာ နှစ်သစ်ကူးသင်္ကြန်ကာလ ရုံးပိတ်ရက်မှာ ဧပြီလ ၂၁ရက် အထိ ဖြစ်ပြီး ဧပြီလ ၂၂ရက်တွင်  ဗဟို ဘဏ်မှ ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်း ပြန်လည်ထုတ်ပြန်ပေးဖြစ်ကာ တရားဝင်ကောင်တာ များလည်း ပြန် လည်ဖွင့်လှစ်မည်ဖြစ်သည်။
တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေး ကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်း နှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရဘဏ်များအကြား Interbank Market တွင် လက်ကား ရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေခြင်းဖြစ်သည်။
From...Eleven

No comments:

Post a Comment