Wednesday, April 17, 2013

ဦးမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်များ ဇွန်လအတွင်း ဗြိတိန်သွားမည်

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင် အပါအ၀င် အဖွဲ့ဝင် ရှစ်ဦးသည် ဇွန်လအတွင်း ဗြိတိန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ယခုခရီးစဉ်သည် ဗြိတိန်အစိုးရမှ တိုက်ရိုက်ဖိတ်ကြားခြင်း ဖြစ်ပြီး ဗြိတိသျှသံရုံး၏ အစီအစဉ်အတိုင်း သွားရောက်မည်ဖြစ်သည်။ ခရီးစဉ်မှာ ဇွန် ၁၉ ရက်မှ ၂၅ ရက်အထိ ခြောက်ရက် ကြာမြင့်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ဗြိတိန်အစိုးရ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံခြင်း၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ ဗြိတိန်ရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံခြင်းများ ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။
သွားရောက်မည့် ရှစ်ဦးမှာ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျ၊ ဦးမြအေး၊ ဦးဌေးကြွယ်၊ ဦးမာကီး၊ မမီးမီးနှင့် မနီလာသိန်းတို့ ဖြစ်ကြောင်း သိရသည်။
ယခုခရီးစဉ်သည် ဦးမင်းကိုနိုင်၏ စတုတ္ထမြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး ပထမအကြိမ် ခရီးစဉ်အဖြစ် ဇန်န၀ါရီ ၁၄ ရက်မှ ၁၈ ရက်ထိ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ခဲ့ကာ ဖိလစ်ပိုင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး၊ လက်နက်ကိုင် အဖွဲ့များ၊ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့များ၊ ငြိမ်းချမ်းရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများ စသည်တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒုတိယမြောက် ခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ စာပေဟောပြောပွဲ သွားရောက်ခဲ့ပြီး တတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၁၄ ရက်မှ  ၂၂ ရက် အထိ ဥရောပနိုင်ငံများဖြစ်သည့် နော်ဝေ၊ ပြင်သစ်၊ ဒိန်း မတ်နိုင်ငံများသို့ ကျောင်းသားငြိမ်းချမ်းရေးဆု လက်ခံရယူရန် အပါအ၀င် အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ နိုင်ငံခြားရေး ၀န်ကြီးများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့သည်။
EMG

No comments:

Post a Comment