Sunday, April 21, 2013

အကျဈေးဖြင့် ရွှေဝယ်စုသူ များပြား၍ ရွှေဈေးမငြိမ်ဖြစ်နေ မိနစ်ပိုင်းအတွင်း၌ပင် ဈေးအတက်အကျ ဖြစ်လျက်ရှိပြီး ပျမ်းမျှဈေးဖြင့် ရောင်းဝယ်နေရ

အကျဈေးဖြင့်ရွှေဝယ်စုသူများ၍ ဧပြီလ ၁၉ ရက်နေ့ မြန်မာ့ရွှေဈေးမှာတည်ငြိမ်မှုမရှိပဲ အတက် အကျ မြန်ဆန်လျက်ရှိကြောင်း၊ မိနစ်ပိုင်း အတွင်း၌ပင် ဈေးအပြောင်းအလဲ မြန်ဆန်နေသည်ဟု သိရသည်။
ဧပြီလ ၁၈ ရက်နေ့တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၆၈၅၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ကျပ် ၆၉၁၀၀၀ ဖြင့် ဈေးပိတ်ခဲ့ကြောင်း သိရသည်။

ကျပ် ၆၉၁၀၀၀ အထိ အပိတ်ဈေး မြင့်တက်ခဲ့ရခြင်းမှာ အကျဈေးဖြင့် ရွှေဝယ်စုသူများ ဈေးကွက်အတွင်း ၀င်ရောက်ဝယ်ယူမှု ရှိခဲ့သည့် အချက်မှာလည်း အဓိကအချက်အဖြစ် ပါဝင်ခဲ့သည်ဟု သိရသည်။

ဧပြီလ ၁၉ ရက်နေ့တွင်မူ ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၉၅၀၀၀ ဖြင့် စတင်ဈေးဖွင့်ခဲ့ကြောင်း၊ ဈေး ဖွင့်ပြီးနောက်ပိုင်း ရွှေဈေးမှာတည်ငြိမ်မှုမရှိပဲ အတက်အကျ မြန်ဆန်လျက်ရှိကြောင်း၊ မိနစ်ပိုင်းအတွင်း၌ ပင် ရွှေဈေးအပြောင်းအလဲ ဖြစ်ပေါ်လျက်ရှိကြောင်း၊ တစ်ကျပ်သားလျှင် ကျပ် ၇၀၆၀၀၀ မှ ကျပ် ၇၂၀၀၀၀ အထိ မြင့်တက်သွားကြောင်း၊ ထို့နောက် ကျပ် ၇၁၀၀၀၀ ၀န်းကျင်သို့ ပြန်လည်ကျဆင်းသွားကြောင်း၊ မိနစ်ပိုင်းအတွင်း မြင့်တက် မိနစ်ပိုင်းအတွင်း ကျဆင်းသည့် ဈေးကွက်ဖြစ်နေသည်ဟု သိရသည်။

ဆိုင်တစ်ဆိုင်နှင့် တစ်ဆိုင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၀၀၀၀ အထိပင် ဈေးကွာဟလျက်ရှိကြောင်း သိရသည်။

ရွှေဆိုင်အများစု၏ ပြောကြားချက်အရ အဖွင့်ဈေးဖြစ်သော တစ်ကျပ်သား ကျပ် ၇၂၀၀၀၀ ပေါ် မူတည်၍ ပျမ်းမျှဈေး တစ်ခုဖြင့် မှန်းဆရောင်းဝယ်လျက် ရှိသည်ဟု သိရသည်။

မြန်မာ့ရွှေဈေးမှာ ကမ္ဘာ့ရွှေဈေးပေါ် မူတည်၍ ပြောင်းလဲသည်ဟု ဆိုသော်လည်း ကမ္ဘာ့ရွှေဈေးမှာ ယခုရက်ပိုင်းအတွင်း အကျဈေး၌ပင် တည်ငြိမ်နေပြီး ပြန်လည်မြင့်တက်မှု မရှိပဲ မြန်မာ့ရွှေဈေးသာလျှင် သီးသန့်ပြောင်းလဲမှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment