Tuesday, April 2, 2013

ရေကျော်ဗလီ မီးလောင်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ယနေ့ နံနက် ၂ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့သော ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်း ရေကျော်ဗလီမီးလောင်မှုအား စုံစမ်းစစ်ဆေးရန် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများမှ ဘာသာရေးခေါင်းဆောင်များ အပါအ၀င် မီးသတ်ဦးစီးဌာန၊ ရန်ကုန်မြို့တော်
လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လူ ၁၃ ဦး သေဆုံးမှုရှိခဲ့သောကြောင့် ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝင်း၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးတိုးအောင်၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးကြီးသက်လွင်တို့ ပါဝင်ကြောင်း သတင်းရရှိသည်။

အဆိုပါမီးလောင်မှုမှာ ဗလီအပေါ်ထပ်သို့ တက်သည့် လှေကားခွင်အောက်ရှိ မီးအားမြှင့်စက် အပူလွန်ကဲရာမှ လောင်ကျွမ်းခဲ့ပြီး လှေကားတစ်လျှောက် မီးကူးစက်ပြန့်ပွားနေသည့်အတွက် အပေါ်ထပ်ပိတ်မိကာ အသက် ၁၂ နှစ်အရွယ် စာသင်ကျောင်းသား ၁၃ ဦး မီးခိုးမွှန် မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။ မီးလောင်မှုကြောင့် ဗလီထပ်ခိုး၊ မီးအားမြှင့်စက်နှင့် ၀ိုင်ယာကြိုး အပါအ၀င် စုစုပေါင်းကျပ်ငွေ ရှစ်သိန်းခွဲဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မီးလောင်ကျွမ်းသည့် ဗလီမှာ စာသင်ကျောင်းနှင့် တွဲဖက်ထားပြီး စာသင်ကျောင်းတွင် နွေရာသီသင်တန်းတက်ရောက်နေသော ကလေးငယ်ဦးရေ ၇၀ ကျော်ရှိကြောင်း အသက်မသေဘဲ ကျန်ရစ်ကြသည့် ကလေးငယ်များကို ညောင်တန်းဗလီသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။
7DaysNewsJournal

No comments:

Post a Comment