ရွှေချောင်းတံတားကို အောက်တိုဘာ ၂၁ ရက်က ရေကျပြီးနောက် တွေ့ရစဉ် |
မေ ၁၀ ရက်က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် Tropical Cyclone 01B
(နောက်ဆုံးရရှိသော သတင်းများအရ ''မဟာစင်'' ဟု အမည်ပေးပြီး) နှင့် ပတ်သက်၍
ကမ္ဘာတစ်ဝန်း သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်မှုများ ထုတ်ပြန်ပေးနေသည့် Global
Disaster Alert and Coordination System က မုန်တိုင်းသက်ရောက်မည့် ဒေသအဖြစ်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနီးဝန်းကျင်ကို ဖော်ပြခဲ့သလို ၀င်ရောက် မည့်
အချိန်ကာလကိုလည်း Joint Typhoon Warning Center (JTWC) က မေ ၁၆ ရက် နံနက် ၁
နာရီဟု ခန့်မှန်း သတ်မှတ်ကာ ထုတ်ပြန်ကြေညာခဲ့သည်။
ထိုထုတ်ပြန် ကြေညာချက်သည် ၂၀၀၈ နာဂစ်၊ ၂၀၁၀ ဂီရိမုန်တိုင်းဒဏ် ဆိုးဝါးစွာခံစားခဲ့ရသည့် ဒေသခံ များနှင့် မုန်တိုင်းအပေါ်စိတ်ဝင်တစား လေ့လာစောင့်ကြည့်နေကြသူများအဖို့ အရေးကြီး စောင့်ကြည့် စရာ ဖြစ်လာခဲ့သည်။
အထူးသဖြင့် ရခိုင်ရိုးမကို ကျော်၍ မြန်မာနိုင်ငံအတွင်းပိုင်းသို့ ကုန်းတွင်းမုန်တိုင်းအဖြစ် နောက်ဆက်တွဲ တိုက်ခတ်ခဲ့သည့်ဂီရိမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ ရှိ ဒေသ ခံများအဖို့ အထူးသတိထားစရာ ဖြစ်လာခဲ့သည်။ အဆိုပါ ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့စဉ်က သက်ဆိုင်ရာ ပညာ ရှင်များ၊ ဒေသဆိုင်ရာအာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးနေမှုကို ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိဘဲ ရခိုင်ကမ်းခြေဒေသသို့ ၀င်ရောက်လေ့ရှိသည့် မုန်တိုင်းများ၏ သဘော သဘာဝအတိုင်း ယူဆခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မကွေးတိုင်း ဒေသကြီးအတွင်းရှိ စလင်းနှင့်မကွေးမြို့များ၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ပုဂံ၊ ညောင်ဦးဒေသများ၊ စစ်ကိုင်းတိုင်း ဒေသ ကြီးအတွင်းရှိ မုံရွာ၊ မြောင်၊ မြင်းမူ၊ ဘုတလင်မြို့ များရှိ နေအိမ်နှင့် လယ်ယာကိုင်း ကျွန်းများ ပျက်စီးဆုံးရှုံးမှု ကြီးမားကာ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ် ခဲ့သည်။
ဂီရိမုန်တိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် စတင်ဖြတ်ကျော်တိုက်ခတ်ခဲ့ပြီးနောက် ကုန်းတွင်းမုန်တိုင်းအဖြစ် အောက်တိုဘာ ၂၃ ရက်နံနက် ၅ နာရီခွဲတွင် မကွေးတိုင်း ဒေသကြီး စလင်းမြို့အားဗဟိုပြုတိုက်ခိုက်ခဲ့သဖြင့် ၎င်းပတ်ဝန်းကျင် ဒေသရှိ မင်းဘူးမြို့၊ မကွေးဒေသတို့တွင် နေအိမ်အဆောက်အဦများ သစ်ပင်ကြီးများ ပြိုလဲခြင်း၊ လျှပ်စစ်မီး များ ပြတ်တောက်ခြင်း တောင်ကျချောင်းရေများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ခဲ့သည်။ နံနက် ၆ နာရီခွဲတွင် မန္တလးတိုင်း ညောင်ဦးမြို့အား ဗဟိုပြုဖြတ်သန်း တိုက်ခိုက်ခဲ့ပြီး မုန်တိုင်းကြောင့် ညောင်ဦး လေဆိပ်သို့ ဆင်းသက်မည့် လေယာဉ် ခရီးစဉ်များအား ဖျက်သိမ်းခဲ့ရသည်။ ထိုနေ့နံနက် ၉ နာ ရီခွဲတွင် စစ်ကိုင်းတိုင်း ဘုတလင်မြို့ကို ဖြတ်သန်းတိုက်ခတ်ချိန်တွင် ကုန်းတွင်းမုန်တိုင်းငယ် အဖြစ်အား ပျော့လာခဲ့သော်လည်း မုံရွာမြို့နှင့် အနီးတစ်ဝိုက် ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရလက်ထက် မြန်မာအလယ်ပိုင်း မိုးနည်းဒေသ တစ်လျှောက်တွင် ဆည်မြောင်းတာတမံများ အစီအရီ တည်ဆောက်ခဲ့သော်လည်း ၎င်းဆည်တမံများ၏ ရေ၀င်ရာ အရင်းအမြစ် များသည် ရခိုင်ရိုးမတွင် အခြေခံသည့် တောင်ကျချောင်းများ၊ ပဲခူးရိုးမတွင် အခြေခံ သည့် တောင်ကျချောင်း များ၊ ရှမ်းကုန်းမြေမြင့်တွင် အခြေခံသည့် တောင်ကျချောင်းများ အပေါ်တွင် အခြေပြု ထားသဖြင့် အဆိုပါ ဒေသများတွင် မိုးရွာသွန်းမှု များပြားတိုင်း တောင်ကျချောင်းများ၏ ရေစီးဝင်မှုကို မထိန်းနိုင်ဘဲ ဆည်တာတမံများ၏ ခိုင်ခံ့မှု အားနည်းခြင်းကြောင့် ရေဖောက်ထုတ်ရခြင်းများ ရှိခဲ့သည်။
ဂီရိမုန်တိုင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ ၀င်ရောက်သည့် အချိန်ကာလကလည်း တောင်သူများ သီးနှံရိတ်သိမ်းချိန် ကာလဖြစ်သဖြင့် အဆိုပါ ဒေသရှိ ပြည်သူလူထုနှင့် တောင်သူများအဖို့ ပြင်ဆင်ချိန် ရသင့်ပါ လျက် ပြင်ဆင်ချိန် မရဘဲ ပျက်စီးဆုံးရှုံးမှု အလွန်များပြားခဲ့ရသည်။
ယခုလည်း နိုင်ငံတကာ မိုးလေ၀သပညာရှင်များနှင့် စောင့်ကြည့်ရေးစင်တာများက အရေး တယူ စောင့်ကြည့်နေသော ''မဟာစင်'' အပူပိုင်းမုန်တိုင်း၏ အခြေအနေသည် ၂၀၁၀ ပြည့်နှစ်က တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းကဲ့သို့ပင် ရခိုင်ကမ်းရိုးတန်း ဒေသအား အမှန်တကယ် ၀င်ရောက်တိုက် ခတ်ခဲ့ ပါက ထိုစဉ်ကကဲ့သို့ပင် ရခိုင်ရိုးမအား ဖြတ်ကျော်၍ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများသို့ ကုန်းတွင်း မုန်တိုင်း အဖြစ် ဆက်လတ် တိုက်ခတ်ဖွယ် ရှိပေသည်။
ယေဘုယျအားဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်သော မုန်တိုင်းများသည် မြန်မာနိုင်ငံ အထက်ပိုင်းဒေသသို့ ၀င်ရောက်လေ့ မရှိသော်လည်း လွန်ခဲ့သော ဆယ်စုနှစ် သုံးလေးစု ၀န်းကျင်အတွင်း သဘာဝ သံယံဇာတနှင့် သဘာဝ သစ်တောများအား ကိုယ်ကျိုးစီးပွားအတွက် အလွန်အကျွံ ထုတ်ယူသုံးစွဲမှု များပြားခဲ့ခြင်းကြောင့် သဘာဝအရံအတားသည် ယခင် ယခင်ကာလများကထက် တစ်နှစ်ထက်တစ်နှစ် ပို၍ လျော့နည်းလာ ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်' 'မဟာစင်'' မုန်တိုင်း တိုက်ရိုက် ၀င်ရောက်နိုင်ဖွယ်ရှိသည့် ရခိုင် ကမ်းရိုးတန်း ဒေသနှင့် စစ်တွေဝန်းကျင် ဒေသတစ်ဝိုက်အား အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဂရုတစိုက် ဆောင်ရွက်မှု ရှိနိုင်သော်လည်း ၂၀၁၀ ခုနှစ်ကကဲ့သို့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ ကုန်းတွင်းမုန်တိုင်း အဖြစ်သို့ ဆက်၍၀င်ရောက်ခဲ့လျှင်မူ မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ထားသည်၊ မည်ကဲ့သို့ ဆောင်ရွက်စီမံ ထားသင့်သည်ကို ကြိုတင်၍ စဉ်းစားထားရန် လိုနေပြီဖြစ်သည်။
ယခုအချိန်တွင်လည်း မုန်တိုင်း အခြေအနေကို ထိုစဉ်ကကဲ့သို့ပင် ပေါ့ဆတွက်ချက်ပြီး မြန်မာနိုင်ငံ အလယ် ပိုင်းဒေသသို့ မုန်တိုင်းမ၀င်လာနိုင်ဟု ယူဆကာ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ အနေဖြင့် ကြိုတင်ပြင်ဆင်မှု မပြုလုပ်ခဲ့ဘဲ ဒေသခံပြည်သူများအား မုန်တိုင်းနှင့် ပတ်သက်၍ မှန်ကန်သောသတင်း ထုတ်ပြန်ချက်များ အချိန်နှင့် တပြေးညီ ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့လျှင် ရခိုင်ကမ်းရိုးတန်းဒေသနှင့် မုန်တိုင်းအရှိန် သက်ရောက်ဖွယ်ရှိရာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအဖို့ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုသည် ၂၀၁၀ ပြည့်နှစ် ဂီရိမုန်တိုင်း ဒဏ်ခံရစဉ်ကထက် ပို၍ပျက်စီးဆုံးရှုံးမှု များပြားလိမ့်မည် ဖြစ်သည်။
မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသရှိ ဆည်မြောင်းတာတမံများနှင် မြစ်ချောင်းများသည် ၂၀၁၀ ပြည့်နှစ် ကထက် ပို၍ ယိုယွင်းပျက်စီးနေသည့် ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ ရှမ်းကုန်းမြေမြင့် တို့ရှိ တောင်ကျချောင်းတို့နှင့် ဆက်စပ်နေ သဖြင့် မုန်တိုင်း ဖြစ်ပေါ်တိုင်းပို၍ သတိထားရတော့မည် ဖြစ်သည်။ မုန်တိုင်း ဖြစ်ပေါ်တိုင်း မုန်တိုင်းအဓိက ၀င်ရောက်ရာ ဒေသများအပြင် မုန်တိုင်းအကျိုး သက်ရောက်မှုရှိသည့် ဒေသများ အတွက်ပါ ကြိုတင်ပြင် ဆင်မှု မရှိလျှင် မုန်တိုင်းအရှိန်ကြောင့် မိုးဆက်တိုက်ရွာခြင်း၊ ရေကြီးခြင်းစသည့် နောက်ဆက်တွဲ အကျိုး သက်ရောက်မှုများကြောင့် ဆည်တာတမံ ကျိုးခြင်းများ ဒေသတစ်ဝန်း ရေဖုံးလွှမ်းမှုများ၊ လမ်းတံတားများ ကျိုးကျပျက်စီးမှုများအပြင် မည်သို့မှ အစားထိုး၍ မရနိုင်သော နိုင်ငံသားများ၏ အသက်အိုးအိမ် ဆုံးရှုံးမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် အုပ်စိုးသူ အစိုးရအပေါ် ယုံကြည်မူ ကင်းမဲ့ခြင်း ဖြစ်ပေါ် ၍ ဒေသ၏ အကျိုးစီးပွားနှင့် တည်ငြိမ်တိုးတက်မှုကိုပါ ကိုင်လှုပ်လိမ့်မည် ဖြစ်ပေသည်။

From....Eleven
No comments:
Post a Comment