Sunday, May 26, 2013

ကွန်ကရစ် အမြန်လမ်းမကြီးနှင့် ယာဉ်အန္တရာယ်

မေ ၂၅ ရက် နံနက်ပိုင်းက နေပြည်တော် အမြန်လမ်းမကြီးပေါ်တွင် ခရီးသည်ယာဉ် မတော်တဆမှုကြောင့် ၁၁ ဦး သေဆုံးခဲ့ရပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်နေသည့် အမြန် လမ်းမှ နောက်ထပ်ကြေကွဲဖွယ် အဖြစ်ဆိုးတစ်ခု ဖြစ်သည်။ အဆိုပါ အမြန်လမ်းသည် စတင်ဖွင့်လှစ်သည့် ၂၀၀၉ ခုနှစ်မှ ယခုထိ ယာဉ်မတော်တဆမှု ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ခရီးသည် ၂၀၀ ခန့်အထိ အသက် ဆုံးရှုံး ခဲ့ရပြီး ဖြစ်သည်။

အမြန် လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုများ ဖြစ်တိုင်း ယာဉ်ကြံ့ခိုင်မှု အားနည်းချက်၊ ကားမောင်းသူ ၏ အားနည်းချက် အစရှိသည်တို့ကိုသာ ထောက်ပြလေ့ ရှိကြသည်။ အမြန်လမ်းမကြီး၏ အားနည်း ချက်ကြောင့် ဆိုသည်ကိုတော့ ပြောဆိုလေ့ မရှိကြပါ။ အမှန်အားဖြင့် ယင်းအမြန် လမ်းမကြီးသည် အန္တရာယ်များသော လမ်းမဖြစ်နေကြောင်း ဖြစ်ပွားခဲ့သော မတော်တဆမှုများက သက်သေပြနေသည်။ အမြန်လမ်းမသည် တစ်နိုင်ငံလုံး ဟိုင်းဝေးလမ်းအရှည် စုစုပေါင်း၏ ၁ ဒသမ ၈၅ ရာခိုင်နှုန်းသာ ရှိသော် လည်း လူသေဆုံးမှုနှုန်းမှာ ၁၃ ဒသမ ၅၄ ရာခိုင်နှုန်းထိ ရှိနေသည်။

အကြောင်းရင်းမှာ မည်သည့်နိုင်ငံတွင်မှ အဝေးပြေးလမ်း ဖောက်ရာတွင် အသုံးမပြုသည့် ကွန်ကရစ်ကို အသုံးပြုထားခြင်း၊ စနစ်ကျမှု၊ ကြံ့ခိုင်မှု၊ အန္တရာယ်ကင်းမှုထက် လုပ်ငန်းမြန်မြန် ပြီးဆုံးမှုကိုသာ ဦးစားပေးခြင်း၊ လမ်းအချက်ပြမှု လိုအပ်ချက်များနှင့် အလှမ်းဝေးလွန်းသော ယာဉ်ရပ်နားစခန်းများကြောင့် ဟု ဆိုရမည် ဖြစ်သည်။

ယခုလို အန္တရာယ်ကြီးမားနေသည့် အမြန်လမ်းမ ပြဿနာကို ဖြေရှင်းရန်အတွက် ကားမောင်းသူများကို အရှိန်လျှော့ မောင်းစေရုံမျှဖြင့် မဖြစ်နိုင်ပါ။ အမြန်လမ်းမတစ်ခုတွင် ကီလိုတစ်ရာနှင့် အထက် မောင်းနှင်ခြင်းသည် ပုံမှန် ဖြစ်ပါသည်။ ထို့ကြောင့် ဤလမ်းမ ပြဿနာအား အဖြေရှာရာတွင် အဓိက အကြောင်းရင်းမှန်ကို ရှာဖွေပြုပြင်နိုင်ရန်သာ လိုအပ်မည် ဖြစ်ပါ သည်။ နောက်နောင် ဖောက်လုပ် ရန်ရှိသော အမြန် လမ်းမကြီးများတွင် ကွန်ကရစ် အသုံးပြုခြင်းကို ပြန်လည်စဉ်းစား သင့်ပါကြောင်းနှင့် ရှိပြီးကွန်ကရစ် လမ်းများတွင် နိုင်ငံတကာနည်းတူ အဆင့်မီ ကတ္တရာ လမ်းမများအဖြစ် ပြုပြင်ပြောင်းလဲ သင့်ပါကြောင်း The Daily Eleven သတင်းစာမှ တိုက်တွန်းအပ်ပါသည်။

Eleven Media Group

No comments:

Post a Comment