Monday, May 6, 2013

တရုတ်နိုင်ငံမှ ကြက်ဥများသာ တရားမဝင် အနည်းငယ် ဝင်ရောက်လာနိုင်

တနင်္လာနေ့၊ မေလ ၀၆ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၀၂ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ကြက်ငှက် တုတ်ကွေးရောဂါ ဖြစ်ပွားနေသော တရုတ်နိုင်ငံမှ တရားမဝင် ဝင်ရောက် သည့် ကြက်နှင့် ဆက်စပ် ပစ္စည်းများမှာ ကြက်ဥ တမျိုးတည်းသာ ဖြစ်နိုင်ပြီး နယ်စပ်များအထိသာ ဝင်ရောက်နိုင်ကြောင်း အသားတိုးကြက် ထုတ်လုပ်ရောင်းချရေး လုပ်ငန်း လုပ်ကိုင်သည့် CP ကုမ္ပဏီ လီမိတက်မှ ဒေါက်တာ မျိုးးသန့် က ဆိုသည်။

“ကြက်ဥကို Illegally (တရားမဝင်) ဝင်နိုင်တယ်။ ဒါပေမယ့် ပြင်ဦးလွင်တို့ဘက်မှာ မွေးမြူရေး လုပ်ငန်းတွေက အများကြီးလုပ်ကြတော့ ဒီဘက်အထိတော့ ရောက်မလာနိုင်ဘူး။ နယ်စပ် လို နေရာ မျိုးတွေ မှာ ဝင်တာတွေ ရှိနိုင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

တရုတ်နိုင်ငံမှ ကြက်နှင့်ကြက်ဥများ မြန်မာနိုင်ငံသို့ တရားဝင်တင်သွင်းခွင့် မရှိကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်က ဆိုသည်။

“တရုတ်ပြည်က ကြက်နဲ့ပတ်သတ်တဲ့ ပစ္စည်းတွေ၊ ကြက်ပေါက်တွေ၊ ကြက်ဥတွေ မြန်မာနိုင်ငံကို တရားဝင်တင်ပို့ခွင့်မရှိဘူး။ မျိုးကြက်ရော၊ Commercial (စီးပွားဖြစ်) ကြက်ရောကို တင်သွင်းခွင့်ကို အရင်ကတည်းက ပိတ်ထားတယ်” ဟု အဖွဲ့ချုပ်မှ ဒု-ဥက္ကဋ္ဌ (၃) ဒေါက်တာ ဒေါ်လှလှသိန်း က မဇ္ဈိမ ကို ပြောသည်။

မြန်မာနိုင်ငံတွင် ကြက်နှင့် ကြက်ဥ တင်သွင်းခြင်းနှင့်ပတ်သတ်၍ မှုဝါဒ ၂ ရပ်ရှိပြီး မျိုးကြက် ဖြစ်ပါက ကြက်ငှက်တုတ်ကွေးရောဂါ ကာကွယ်ဆေး မထိုးရသေးသော နိုင်ငံမှသာ တင်သွင်းရန်နှင့် ၃ လအတွင်း ကြက်ငှက်တုတ်ကွေး ရောဂါ ဖြစ်ပွားခဲ့သော နိုင်ငံမှကြက်များ မတင်သွင်းရန်တို့ဖြင့် ကိုက်ညီမှုမရှိ၍ တရုတ်နိုင်ငံမှ မတင်သွင်းခြင်းဖြစ်ကြောင်း ဒေါ်လှလှသိန်း က ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ကြက်ငှက်တုတ်ကွေးရောဂါနှင့်ပတ်သတ်၍ ၂၀၀၆ ခုနှစ်က H5N1 ရောဂါ ပိုးအမျိုးးအစား ဖြစ်ပွားခဲ့ကာ ထိခိုက်မှုများစွာမရှိဘဲ  အချိန်မီထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် ကြက်ငှက် တုတ်ကွေးကာ ကွယ်ရေးဆေးအား ယခုအချိန်ထိတရားဝင်ထိုးခွင့်မပြုခဲ့ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ယခုလက်ရှိတွင် တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကြက်ငှက်တုတ်ကွေးရောဂါမှာ ပိုးသစ် တမျိုးဖြစ်ကာ H7N9 အမည်ရှိပြီး ကူးစက်ခံရသူ လူ ၅၁ ဦးရှိပြီး ၁၁ ဦး သေဆုံးခဲ့ကြောင်း သြစတေးလျ ရေဒီယို တခုမှ ထုတ်လွှင့်ခဲ့သည်။

“တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ ကြက်ငှက်တုတ်ကွေး ရောဂါသစ်ဟာ တခြား ကြက်ငှက် တုတ်ကွေး ရောဂါ ထက် ကူးစက်မှုနှုန်း ပိုမြန်ဆန်ပြီး တမူထူးခြားတဲ့အတွက် တကမ္ဘာလုံး အတိုင်းအတာ အထိ အကြီး အကျယ် ပြန့်ပွားလာနိုင်တယ်” ဟု အင်ဒိုနီးရှားနိုင်ငံ ကြက်ငှက် တုတ်ကွေးရောဂါ တိုက်ဖျက်ရေး စီမံကိန်း ခေါင်းဆောင် Andrew Jeremijenko က ရေဒီယိုမှ သတိပေး ပြောကြားခဲ့သည်။

From....မဇ္ဈိမ

No comments:

Post a Comment