Tuesday, May 14, 2013

မဟာစင်မုန်တိုင်းကို လိမ္မော်ရောင် အဆင့်သို့ မိုး/ဇလမှ ပြောင်းလဲသတ်မှတ်

မဟာစင်မုန်တိုင်းကို လိမ္မော်ရောင် အဆင့်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မေ ၁၄ ရက် ည ၇ နာရီခန့်က တရားဝင်သတင်း ထုတ်ပြန်သွားသည်။

မဟာစင်မုန်တိုင်းမှာ အ၀ါရောင် အဆင့်သာ ရှိသေးပြီး မြန်မာ့ကမ်းရိုးတန်းဘက်သို့ ဦးတည်လာပါက လိမ္မော်ရောင်အဆင့်သို့ ပြောင်းလဲထုတ်ပြန်သွားမည် ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က မေ ၁၄ ရက် ညနေ ၆ နာရီ နိုင်ငံပိုင် ရုပ်သံ သတင်းတွင် ထည့်သွင်းပြောကြားခဲ့ပြီးနောက် ည ၇ နာရီခန့်တွင်မူ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၀က်ဘ်ဆိုက်မှ ယခုလို မဟာစင်မုန်တိုင်းကို လိမ္မော်ရောင် အဆင့်သို့ ပြောင်းလဲ သတ်မှတ် လိုက်ကြောင်း ဖော်ပြပါရှိသည်။

မေ ၁၄ ရက် ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက် အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် ၅၁၀ ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၅၂၀ ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၅၂၀ ခန့်နှင့် အိန္ဒိယနိုင်ငံ ဗီဇာကာပတ္တနန်မြို့၏ အရှေ့တောင်ဘက် မိုင် ၂၄၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးကြီးမည် ဖြစ်ကြောင်းလည်း အဆိုပါ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါ သတင်းထုတ်ပြန်သည့် အချိန်တွင် ဆိုင်ကလုန်းမုန်တိုင်း၏ အခြေအနေမှာ လိမ္မော်ရောင် အဆင့်သို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများဆီသို့ ဦးတည်ရွေ့လျားနေကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် စစ်တွေခရိုင်များတွင် မိုးများ စတင်ရွာသွန်းနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းသည် တဖြည်းဖြည်းနှင့် မြောက်၊ အရှေ့မြောက်ဘက်ကို ဦးတည်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို မေ ၁၆ ရက် ညနေပိုင်း ၅ နာရီမှ ည ၇ နာရီကြားတွင် ကမ်းခြေ ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားကြောင်း ညနေ ၆ နာရီ သတင်းတွင် ဦးချစ်ကျော်က ပြောကြား သွားသည်။

"၁၈ ရက်နေ့ နံနက်လောက်အထိ ကုန်းတွင်းမှာ မုန်တိုင်းအစအနတွေ ကျန်နေနိုင်သေး တာကို တွေ့ရ တယ်။ ဘယ်နားလောက်ထိ အကြွင်းအကျန်တွေ ရောက်မလဲဆိုရင် စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ်လောက်ထိ ရောက်သွားမယ်။ အလားတူပဲ တချို့သော အစအနတွေဟာ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးကို ဖြတ်ပြီးတော့ ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကို ရောက် သွား မယ်။ အဲဒီအချိန်မှာတော့ အဲဒီနေရာတွေမှာ မိုးရွာမယ်။ အချို့နေရာတွေကတော့ နေရာကွက်ပြီး မိုးကြီး တာတွေ ဖြစ်မယ်" ဟု ၎င်းက ဆက်လက်ပြောကြားသွားသည်။

ထိုသို့ နေရာကွက် မိုးကြီးသည့်အတွက် တောင်ပေါ်မှရေဆင်းပြီး လျှပ် တစ်ပြက် ရေ ကြီးခြင်း၊ မြေပြိုခြင်း များ ဖြစ်နိုင်ပြီး မိမိပတ်ဝန်းကျင် များတွင် ရေစီးရေလာ ကောင်းမွန်ရန်နှင့် မြေပြိုနိုင် သည့် မြေသား ပွသော နေရာများနှင့်နီးပါက ကျွဲနွား တိရစ္ဆာန်များနှင့် ကလေးသူငယ်များကို ခေတ္တတားမြစ်ထားရန် လိုကြောင်း၊ မုန်တိုင်းစဖြတ်သည့် နေရာမှ တောင်ဘက် မိုင် ၄၀ ခန့်အတွင်း မုန်တိုင်းဒီရေ တက်နိုင် သည့် အတွက် မုန်တိုင်းဖြတ်သည့် နေရာများကို ကြေညာပေးမည်ဆိုပါက မိမိနေသော နေရာနှင့် ခန့်မှန်း ကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုကြောင်း ဦးချစ်ကျော်က ပြောကြားသွားသည်။
From....Eleven

No comments:

Post a Comment