Thursday, May 2, 2013

ခရမ်းလွန်ရောင်ခြည် တိုင်းတာရေးစက်များ မြန်မာဝယ်ယူတော့မည်

မြန်မာနိုင်ငံအပေါ် ကျရောက်နေပြီဖြစ်သော ခရမ်းလွန်ရောင်ခြည်လှိုင်းနှင့် ပတ်သက်ပြီး ခရမ်းလွန်ရောင်ခြည် တိုင်းတာရေးစက်ကို မြန်မာနိုင်ငံအနေဖြင့် ဝယ်ယူသွားရန်ရှိနေပြီး ကိုယ်ပိုင်တိုင်းတာမှုများ ပြုလုပ် မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ၂၄-၄-၂၀၁၃ ရက်က သိရသည်။ လက်ရှိ တွင် မြန်မာနိုင်ငံ၏ ခရမ်းလွန်ရောင်ခြည် ကျရောက်နေမှု ပမာဏကို အမေရိကန်နိုင်ငံမှ မိုးလေဝသအဖွဲ့က တိုင်းတာ ဖော်ပြပေးနေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ ဝန်ကြီးဌာနနှင့် ပညာရှင်များကလည်း ယင်းဖော်ပြချက်ကို ကိုးကားပြီး ပြောကြားနေကြခြင်း ဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့က UV နဲ့ ပတ်သက်တဲ့ စက်တစ်လုံး၊ နှစ်လုံး လောက်ဝယ်ဖို့ အစီအစဉ် ဆွဲနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အမေရိကန်က တိုင်းတာပေးနေတာတွေ က မြန်မာနိုင်ငံနဲ့ အံကိုက်မကိုက် မသိဘူးလေ။ ကိုယ့်အခြေအနေကို သိဖို့ ဝယ်ရမှာ” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားသည်။ လက်ရှိတွင် မြန်မာနိုင်ငံအပေါ် ခရမ်းလွန်ရောင်ခြည် ကျရောက်နေမှုများမှာ အညွှန်ကိန်း ၁၁ ထက်ကျော်လွန်ပြီး အန္တရာယ် ရှိသည့် အခြေအနေ ဖြစ်နေသည်ဟု အမေရိကန်က ညွှန်ပြထားသည့် UV awareness စာမျက်နှာမှ သိရသည်။

“စက်တန်ဖိုးတွေက ဘယ်လောက်ရှိလဲဆိုတာ မသိရသေးဘူး။ အခုဈေးတွေ စပြီးစုံစမ်းနေပြီ။ အမြန်လုပ် မှ ဖြစ်မှာ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ မြန်မာနိုင်ငံမှ မိုးလေဝသ ဆိုင်ရာ ဟောပြောသူ အားလုံး မှာ လက်ရှိတွင် အဆိုပါစက်၏ ထုတ်ပြန်ချက်ကိုသာ ဦးတည်ရှာဖွေနေရဦးမည်ဟု ယူဆရကြောင်း ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment