Thursday, May 2, 2013

ရသေ့တောင် ပေါင်းဇားနေပူခံရွာမှ တရားစွဲခံထားရသော လယ်သမား ၂၆ ဦးအမူကို ပလပ်

ရသေ့တောင်မြို့နယ် ပေါင်းဇား၊ နေပူခံ ကျေးရွာများမှ တရားစွဲခံထားရသော လယ်သမား (၂၆) ဦး အမူကို တရားစွဲဆိုသူ စီးပွားရေး လုပ်ငန်းရှင် ဦးစောအောင်သိန်းမှ ပလပ်လိုက်ကြောင်း သတင်း ရရှိသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ အပါအ၀င် လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်များ ရသေ့တောင်မြို့သို့ ရောက်ရှိနေခိုက် သူတို့၏ ကြား ၀င်ဆောင်ရွက်ပေးမူကြောင့် အဆိုပါလယ်မြေအမူအား တရားလိုဦးစောအောင်သိန်းမှ ပလပ် လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ လယ်သမား (၂၆) ဦးမှာ ရသေ့တောင်မြို့နယ် ပေါင်းစား၊ နေပူခံ၊ ကောင်းရီချောင်းနှင့် ကျွန်းချောင်း ကျေးရွာများမှ ဖြစ်ကြပြီး ၂၀၁၂ ခုနှစ် မတ်လတွင် ဦးစောအောင်သိန်းမှ ပိုင်နက် ကျူးကျော်မူ၊ သူတစ်ပါးပစ္စည်း ဖျက်ဆီးမူစသည့် အမူများဖြင့် တရားစွဲဆိုခဲ့သည်။ အဆိုပါ လယ်သမားများထံမှ လယ်ဧက ၁၈၀၀ ကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ၁၉၉၆ ခုနှစ်ကတည်းက သိမ်းယူထားသည်ဟု ဆိုသည်။ စစ်တပ်က ဦးစောအောင်သိန်းအား ကန်ထရိုက်ပေးထားပြီး ပုဇွန်မွေးမြူရေး ကန်များ ဖေါ်ထုတ်ကာ လုပ်ကိုင်စေခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် လယ်သမားများက ၎င်းလယ်ပေါ် တက်ထွန်ယက် စိုက်ပျိုးရာမှ တရား စွဲ ခံခဲ့ကြရသည်။

ခုလို တရားစွဲဆိုထားပြီးမှ အမူကို ရုတ်သိမ်း (ပလပ်) လိုက်ရခြင်းကို ဦးစောအောင်သိန်းက ယခုလို ပြော သည်။

“ ကျွန်တော်ကလည်း ကျွန်တော်ရဲ့ အကျိုးစီးပွားကို ဖျက်ဆီးတဲ့ အတွက် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေ ရသေ့တောင်မြို့ပေါ်ကို လာပြီး ရုံးတက်ရတဲ့ အတွက် အခက်အခဲ ဒုက္ခ ဖြစ်တဲ့ အတွက် အမူကို ရုတ်သိမ်းပေးဖို့ မေတ္တာရပ်ခံလာတဲ့ အတွက် ကျွန်တော်က အမူကို ပလပ်လိုက်တာ ဖြစ်ပါတယ်” ဟု ဆို သည်။

နောက်ထပ် အမူ တစ်ခု ကျန်သေးကြောင်း၊ နောက်ထပ် လယ်သမားများက အဆိုပါ အမူအား ရုတ်သိမ်း ရန် ပြောကြားလာပါက သူ့အနေဖြင့် အဆိုပါ အမူကို ပါ ပလပ်ပေး မည် ဖြစ်ကြောင်း ပြော ကြား သည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း လွှတ်တော် ကိုယ်စားလှယ်များဘက်က ဆောင်ရွက်ခဲ့သော အခြေအနေများကို ယခုလို ပြောသည်။

“ ကျွန်မတို့ အဖွဲ့ လွှတ်တော် လယ်ယာမြေနဲ့ တစ်ခြားမြေများ သိမ်းဆည်းမူ စစ်ဆေးရေး ကော်မရှင်က ရသေ့တောင်ကို ရောက်ပါတယ်။ ဗိုလ်မှူးကြီး စောရွှေ ဦးဆောင်ပြီး လာကြတာပါ။ ဒီမှာ ဖြစ်နေတာ က ပေါင်းဇား၊ ကောင်းရီချောင်းဘက်က လယ်သမားတွေကို စီးပွားရေး လုပ်ငန်းရှင် ဦးစောအောင်သိန်းက တရားစွဲဆိုထားတယ်။ ဒီလို တရားစွဲဆိုထားတဲ့အတွက် လယ်သမားတွေက အထူး ဒုက္ခရောက်နေကြတယ်။ ကျွန်မတို့က ဦးစောအောင်သိန်းကိုရော၊ လယ်သမားတွေကို ခေါ်ယူပြီး အမူကို ကျေအေးနိုင်အောင် ကြားဝင် ဆောင်ရွက်ပေးမယ်။ ဦးစောအောင်သိန်းကလည်း အခု သူတရားစွဲထားတဲ့ သူတွေဟာ သူ့ဆီမှာ အလုပ် ၁၈ နှစ်ကျော်လုပ်လာကြတဲ့သူတွေ ဖြစ်တဲ့အတွက် အားလုံးကို သိတယ်။ နောက်ပြီး ဆင်းရဲတဲ့သူတွေ ဖြစ်ကြတဲ့ ဒုက္ခရောက်ကြတယ် ဆိုတာကိုလည်း သူ သဘောပေါက်ကြောင်း ပြောပါတယ်။ ဒါနဲ့ အမူတွေကို သူ ရုတ်သိမ်းပေးမယ်လို့ ပြောပါတယ်။ နောက်တော့ အားလုံးအတွက် ကောင်းသွားတယ်။ လယ်သမားတွေလည်း လယ်တွေကို ပြန်မရသေးပေမယ့် လုပ်ကိုင် စားသောက်ခွင့်ရသွားပါတယ်” ဟု ဆိုသည်။

နောက်ပိုင်းတွင် လယ်သမားများပိုင် လယ်မြေများ ပြန်လည် ရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူမက ပြောဆိုသည်။

၎င်းပြင် လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းရေး ကော်မရှင်သည် စေတီပြင် ကျေးရွာ၊ ဒုံးပိုက်နှင့် ဆင်ပိုက်ကျေးရွာသို့လည်းသွားရောက်ခဲ့ကြောင်း သိရသည်။ ဆင်ပိုက်ရွာတွင်လည်း ရွာသားများ ပိုင် ဘုံနွားစားကျက်ကို ယခင်ရယက ဥက္ကဌဟောင်းမှ တစ်ဦးတည်းပိုင် လုပ်ထားခြင်းကို ပြန်လည်ပြီး ညှိနိုင်းကာ အများသဘောတူ ကျေးရွာသာများပိုင် ဘုံမြေ အဖြစ် ပြန်လည် ပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။

narinjara
From...Myawady News

No comments:

Post a Comment