Thursday, May 23, 2013

ပအိုးဝ်အမျိုးသား အဖွဲ့ချုပ်က ပါတီဝင် ၅၈ ဦးကို ဖိအားပေး နုတ်ထွက်ခိုင်းသည်ဟုဆိုကာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံ NLD စာပို့တိုင်ကြား

ပအိုးဝ်အမျိုးသား အဖွဲ့ချုပ် (PNO) က တောင်ကြီးမြို့ ဆတ်သေကျေးရွာမှ ပါတီဝင် ၅၈ ဦးကို
ဖိအားပေး နုတ်ထွက်ခိုင်းသည်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံ NLD က စာပို့ တိုင်ကြား ထားကြောင်း သိရသည်။
တောင်ကြီးမြို့မြောက်ဘက် မိုင် (၂၀) ခန့် အကွာရှိ နားယောင်းကျေးရွာအုပ်စု ၊ မောက်စံကျေးရွာ မှ ဒေသခံ ပအိုးဝ်ပြည်သူ့စစ်များက ကျေးရွာ NLD ရုံးကို ၀ိုင်းရံထားမှုအား မေ ၁၆ ရက် ည ၁၀ နာရီကျော်မှစ၍ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ မြောက်ဘက် မိုင် (၂၀) ခန့်အကွာရှိ နားယောင်းကျေးရွာအုပ်စု မောက်စံကျေး ရွာရှိ တောင်သူလယ်သမားများ၏ လယ်ယာမြေအချို့ကို အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် ပအိုးဝ် အမျိုးသား အဖွဲ့ချုပ်က တပ်ပိုင်မြေဟုဆိုကာ သိမ်းယူထားခဲ့သည့်အပေါ် ယင်းလယ်ယာမြေများ ပြန်ရရန် NLD ပါတီဝင်များက ကူညီဆောင်ရွက် ပေးခဲ့သောကြောင့် ပအိုးဝ်အမျိုးသား အဖွဲ့ချုပ်နှင့် NLD ပါတီဝင်များ ပြဿနာ ဖြစ်ပွားခဲ့ကာ ဒေသခံ ရွာသွားနှစ်ဦးနှင့် ဆတ်သေကျေးရွာမှ NLD ပါတီဝင် သုံးဦးကို မေ ၁၄ ရက်နှင့် ၁၅ ရက်များတွင် PNO ဘက်က ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး မောက်စံကျေးရွာ NLD ရုံးကိုလည်း ဒေသခံ ပအိုးဝ်ပြည်သူ့ စစ်များက ၀ိုင်းရံမှုများ ပြုလုပ်ခဲ့သည်။

မေ ၁၆ ရက်တွင်မူ ပါတီရုံးအား ၀ိုင်းရံထားမှုကို ဖယ်ရှားပေးခဲ့ပြီး ဖမ်းဆီးထားသူများ ကို ပြန်လွှတ်ပေး ခဲ့သည်။

ထို့နောက် မေ ၁၈ ရက်တွင် ဆတ်သေကျေးရွာမှ NLD ပါတီဝင် ၅၈ ဦးက မောက်စံကျေးရွာ NLD ရုံးသို့ နုတ်ထွက်စာများ လာတင်ခဲ့ပြီး ယင်းမှာ ပအိုးဝ်အမျိုးသား အဖွဲ့ချုပ်၏ ဖိအားပေးမှုကြောင့်ဟု ဆိုကာ မေ ၂၀ ရက်တွင် တိုင်ကြားစာ ပို့ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူ ငါးဦးနှင့် တွေ့ဆုံခဲ့ရာတွင် လယ်ယာမြေကိစ္စ၌ ၎င်းတို့မှားယွင်းကြောင်း ခံဝန်လက်မှတ်များ ထိုးခိုင်းစေခဲ့ပြီးမှ ပြန်လွှတ်ပေး ခဲ့ခြင်း ဖြစ်သည်ဟု တောင်ကြီးမြို့ NLD ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး က ပြောကြားသည်။

"ကျွန်မတို့ ပြည်နယ်ကော်မရှင်က တစ်ဆင့် ၀န်ကြီးချုပ်နဲ့ ဗဟိုကော်မရှင်ကို စာတင်ထားပါတယ်။ ကျွန်မတို့ကတော့ ဥပဒေဘောင် အတွင်းကပါပဲ။ ဒါတွေဟာ မလုပ်သင့်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ သက်ဆိုင်ရာ လူကြီးတွေ အနေနဲ့ ထိန်းသိမ်းပေးဖို့ပေါ့" ဟု ဒေါ်ခင်မိုးမိုးက ဆိုသည်။

ယင်းကဲ့သို့ ဖိအားပေး နုတ်ထွက်ခိုင်းမှုများ ရှိခဲ့သည်ဆိုသော သတင်းအပေါ် ပအိုးဝ်အမျိုးသား အဖွဲ့ချုပ် နိုင်ငံရေးဌာနစိတ်သို့ မေ ၂၂ ရက်က ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေကြားပေးနိုင်မည့်သူမှာ ခရီးထွက်နေသောကြောင့် နောက်သုံးရက်ခန့် အကြာတွင် ပြန်လည်ဆက်သွယ်ပေးရန် ပြောကြားသည်။
From...Eleven

No comments:

Post a Comment