Thursday, May 23, 2013

အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲတွင် တရုတ်ကန့်ကွက်၍ လေ့လာသူများအဖြစ် အမေရိကန်နှင့် ဗြိတိန်တို့ မပါဝင်နိုင်

Photo: အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲတွင် တရုတ်ကန့်ကွက်၍ လေ့လာသူများအဖြစ် အမေရိကန်နှင့် ဗြိတိန်တို့ မပါဝင်နိုင်

အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲတွင် တရုတ်၏ ကန့်ကွက်မှုကြောင့် အမေရိကန်နှင့် ဗြိတိန်တို့မှ ကိုယ်စားလှယ်များ ပါဝင်နိုင်ခြင်း မရှိဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောကြားသည်။        

သို့ရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားနှင့် တရုတ်အစိုးရတို့၏ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ "US  နဲ့ UK ပါရင် ခိုင်မာတဲ့ ကတိက၀တ်တွေ ရမယ်လို့ ကေအိုင်အိုဘက်ကလည်း အာမခံလို့ ရသလို ကျွန်တော်တို့ PCG အနေနဲ့လည်း အာမခံလို့ ရပါတယ်။ အခု UN နဲ့ တရုတ် ပါမယ်ဆိုတော့ ဘယ်လောက် အတိုင်းအတာထိ ခရီးဆက်နိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့" ဟု ဦးဆန်းအောင်က ပြောကြားသည်။

US နှင့် UK နိုင်ငံများအား ဆွေးနွေးပွဲတွင် ပါဝင်လာရန် ကေအိုင်အိုအဖွဲ့မှ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး ၎င်းနိုင်ငံများ မပါဝင် လာရခြင်းမှာ တရုတ်၏ ကန့်ကွက်မှုကြောင့်ဖြစ်ကာ မြန်မာအစိုးရမှ US နှင့် UK နိုင်ငံများ မပါဝင်ဘဲ ဆွေးနွေးရန် ပြောဆိုမှုကို ကေအိုင်အိုမှ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် လက်ခံခဲ့ခြင်း ဖြစ်သည်ဟု ဦးဆန်းအောင်က ပြောကြားသည်။

"တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုးဖွဲ့ကိုလည်း ဖိတ်ထားတယ်။ အားလုံးတက်ရောက်နိုင်မှာလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး" ဟု ၎င်းကဆိုသည်။

ဆွေးနွေးပွဲတွင် US နှင့် UK နိုင်ငံများ မပါဝင်သည့်အတွက် ကေအိုင်အိုအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုးဖွဲ့ကို ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Myanmar Peace Center မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက "အသေးစိတ်ကို နှစ်ဖက်ညှိနှိုင်းပြီး ထုတ်ပြန်သွားမှာပါ။ လောလောဆယ် မူအားဖြင့် မြစ်ကြီးနားမှာ တွေ့မယ်လို့ လျာထားပါတယ်" ဟု ပြောကြားသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ " ၀" ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) တို့ဖြစ်ကြောင်း သိရသည်။ အစိုးရနှင့် ကေအိုင်အိုတို့သည် ဧပြီ ၆ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ပင် ဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း တရုတ်အစိုးရမှ ဆွေးနွေးပွဲတွင် US နှင့် UK နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်ရန် ကေအိုင်အိုမှ ဖိတ်ကြားထားမှုအား ကန့်ကွက်ခဲ့သောကြောင့် ဆွေးနွေးပွဲ ရွှေ့ဆိုင်းခဲ့ရပြီး နှစ်လနီးပါး အပြန်အလှန် ညှိနှိုင်းခဲ့ကာ မေ ၂၈ ရက်တွင် ဆွေးနွေးပွဲ ကျင်းပရန် သတ်မှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။   

(ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် မြစ်ကြီးနား မြို့၌ ပြင်ဆင်နေသည်ကို မေ ၂၂ ရက်က တွေ့ရစဉ်) 
(ဓာတ်ပုံ-ထွန်းလင်းအောင်)
(ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် မြစ်ကြီးနား မြို့၌ ပြင်ဆင်နေသည်ကို မေ ၂၂ ရက်က တွေ့ရစဉ်)

No comments:

Post a Comment