ထိုင်းနိုင်ငံ ဘန်ခမ်းခရိုင် ဘန်ကောက်မြို့တော်ရှိ ကွန်ဒိုတစ်ခုအား စီးနင်းရှာဖွေရာတွင် ဘတ် သန်းပေါင်း (၁၅၀၀)ခန့် ရှိသည့် စံချိန်တင် မူးယစ်ဆေးများစွာကို ဖမ်းဆီးရရှိခဲ့ကြောင်း မူးယစ်ဆေးတားဆီး ရဲတပ်ဖွဲ့က ဆိုသည်။
မက်သမ်ဖက်တမင်းဆေးပြား (၄.၅)သန်း နှင့် မက်သမ်ဖက်တမင်းခရစ်စတယ် ၆၀-ကီလိုဂရမ် စုစုပေါင်း ဘတ်သန်းပေါင်း (၁၅၀၀)ခန့်တန် မူးယစ်ဆေးများကို ဖမ်းဆီးရရှိခဲ့သည်ဟု မူးယစ်ဆေးတားဆီး နှိမ်နင်းရေး အဖွဲ့ရုံး( Office of the Narcotics Control Board- ONCB ) အထွေထွေ အတွင်းရေးမှူး ရဲဗိုလ်ချုပ်ကြီး ပွန်ဆာပတ် ပွန်ချာရွန်က သတင်းထုတ်ပြန်ခဲ့သည်။
ဘန်ခမ်းခရိုင်၊ ဖိုခယူလမ်းအတွင်းရှိ ပီရာဖိုခယူအိမ်ယာအခန်းအမှတ် (၃၀၂) နှင့် (၃၂၀) တို့အား ဝင်ရောက် စီးနင်းရှာဖွေရာ အဝတ်အစားဘိရိုအတွင်း ဖွက်ထားသည့် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ပြီး မသင်္ကာသူ ၃-ဦးဖြစ်သည့် ဆုသီချိုင်းကာမာ ( ၂၂-နှစ် )၊ ခယူပူ ( ၂၀- နှစ် ) နှင့် ၁၆-နှစ်အရွယ် ယောက်ျားလေး တစ်ဦး တို့ကို ထိန်းသိမ်းထားလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ မသင်္ကာသူ ၃-ဦးသည် မူးယစ်ဆေးဝါးများကို စောင့်ကြပ်ထိန်းသိမ်းထားရန် ငှားရမ်း ထားခြင်း သာ ဖြစ်ကြောင်းနှင့် မူးယစ်ဆေးများသည် (ဝ) အဖွဲ့မှ ထုတ်လုပ်ထားသော မူးယစ်ဆေးဝါးများဖြစ်ပြီး ချင်းရိုင်မှ ဘန်ကောက်သို့ သယ်ယူလာခြင်းဖြစ်ကြောင်း ရဲဗိုလ်ချုပ်ကြီးပွန်ဆာပတ်က ပြောသည်။
ရဲတပ်ဖွဲ့သည် ယမန်နေ့ကလည်း ဘန်ကောက်မြို့ပေါ်မှ အဓိက မူးယစ်ဂိုဏ်း တစ်ခုအား ဖမ်းဆီး နှိမ်နင်းခဲ့ပြီး မသင်္ကာသူ တစ်ဦးထံမှ ဘတ်သန်း-၅၀ ခန့်တန်သော အဖိုးထိုက်ပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း ၄င်းက ဆက် ပြောသည် ။
ရဲတပ်ဖွဲ့သည် မူးယစ်ဂိုဏ်းခေါင်းဆောင် ကိုဆင် ချူချိုင်း( ၃၁-နှစ် ) ၏ ဇနီးသန်ယာပွမ် ခနန်ခင် ( ၃၆-နှစ် ) ကို ဖမ်းဆီးထားကြောင်း ဗိုလ်ချုပ်ကြီးပွန်ဆာပတ် ကပြောကြားပါသည်။
ကလောင်းဆမ်ဝါ ခရိုင်အတွင်း မစ္စ သန်ယာပွမ်အားဖမ်းဆီးမှု နှင့်အတူ သိမ်းဆည်းရမိသော ပစ္စည်းများမှာ ကျည်ဆန် ၅၉-တောင့်၊ မက်သမ်ဖက်တမင်းအရည် ၇၆-ပုလင်း၊ မူးယစ် နှိမ်နင်းရေး ဗျူရိုမှတ်ပုံတင် ကတ်ပြား အတုတစ်ခု၊ မစ္စတာကိုဆင်အမည်ပါ သတင်းထောက်ကတ်တစ်ခုတို့ဖြစ်သည်။
ထို့အတူရဲတပ်ဖွဲ့သည် ပထုမ် ဌာနီခရိုင်အတွင်း မှ ဘဏ်စာရင်း ၁၃-ခုခွဲ အပ်နှံထားသည့် ဘတ် ၇-သန်း၊ အိမ် ၃-လုံး နှင့် ကားဂိုဒေါင် တစ်လုံးတို့ကိုလည်း သိမ်းဆီးခဲ့သည်။
ရဲတပ်ဖွဲ့သည် မစ္စတာကိုဆင် နှင့် သူ၏ မူးယစ်ဂိုဏ်းအတွင်းမှ အခြားမသင်္ကာသူအနည်းဆုံး ၁၀-ဦး ခန့်အား ဆက်လက်ခြေရာခံစုံစမ်းလျက်ရှိကြောင်း သိရသည်။
ရဲဗိုလ်ချုပ်ကြီးပွန်ဆာပတ်ကပိုင်ဆိုင်မှုပစ္စည်းဘတ် သန်း-၁၀၀ ခန့်ဆက်လက် သိမ်းဆည်းရဦးမည်ဟု ခန့်မှန်း ထားကြောင်း နှင့် မစ္စတာကိုဆင်၏ ဂိုဏ်းသည် မူလကကလောင်းတိုယီဈေးတွင် မူးယစ်ဆေးဝါး များ ရောင်းနေရာမှ မင်ဘူရီခရိုင်သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်ကြောင်း ဆက်ပြောသည်။
မူးယစ်ဆေးရောင်းရာမှ ရရှိသော ငွေများကို လူများငှာရမ်းကာ ငွေစာရင်းများဖွင့်ပြီး သိမ်းဆည်းထားခြင်းကို စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်နိုင်ခဲ့ကြောင်းကိုလည်းသိရသည်။
မစ္စတာကိုဆင်အား ဖမ်းဝါးရမ်းထုတ်ထားပြီးဖြစ်သဖြင့် လာရောက် အဖမ်းခံသင့်ကြောင်း ရဲဗိုလ်ချုပ်ကြီး က ပြောသည်။
Ref ; ဘန်ကောက်ပို့စ် သတင်းစာ ၂၂-၅-၂၀၁၃
ညွှန့်အောင် (မြစ်မခ)
No comments:
Post a Comment