Thursday, June 20, 2013

ရဲဘော်ရဲဘက်အားလုံး အပြန်အလှန် သစ္စာထားမှု၊ လေးစားမှု၊ နားလည်မှုများနှင့် ပန်းတိုင်ရောက်သည်အထိ လျှောက်သွားစေလိုသည်ဟု (၆၈)နှစ်ပြည့် မွေးနေ့ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

dawsubirthday-june20
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား (၆၈)နှစ်ပြည့် မွေးနေ့တွင် ပါတီဝင်များ၊ ထောက်ခံသူ များနှင့် အတူ တွေ့ရစဉ် (Photo:AFP)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်ပြည့် မွေးနေ့ပွဲကို ရန်ကုန်မြို့၊
ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် ဇွန် ၁၉ ရက်က ပြုလုပ်ခဲ့ပြီး ရဲဘော်ရဲဘက် အားလုံး အပြန်အလှန်သ စ္စာထားမှု၊ လေးစားမှု၊ နားလည်မှုများနှင့် ပန်းတိုင်ရောက်သည် အထိ လျှောက် သွားချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကားတွင် ထည့်သွင်းပြောကြားသည်။
မွေးနေ့ပွဲကို နံနက် ၉ နာရီမှ စတင်ကာ ပြည်နယ်နှင့် တိုင်းအသီးသီးမှ လည်းကောင်း၊ ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်အသီးသီးတို့မှ လည်းကောင်း စတုဒိသာကျွေးမွေး လှူဒါန်းခြင်းများလည်း ပြုလုပ်ခဲ့သည်။
မွန်းတည့် ၁၂ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲသို့ ရောက်ရှိလာပြီး မွေးနေ့ကိတ်လှီးကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"ကျွန်မအတွက် ကံအကောင်းဆုံးကတော့ ရဲဘော်ရဲဘက်ကောင်းတွေ တွေ့ရှိရတာပါ။ ဒီထဲမှာ ထိပ်ဆုံး ကတော့ ဘဘဦးတင်ဦး ပါတာပေါ့။ ရဲဘော်ရဲဘက် ကောင်းတွေကို မှီခိုပြီးတော့ ကာလတွေများ စွာကို ဖြတ်သန်းခဲ့ရပါတယ်။ အခက်အခဲတွေကို ဖြတ်သန်းခဲ့တဲ့ နေရာမှာ ရဲဘော် ရဲဘက် ကောင်းတွေလောက် တန်ဖိုးရှိတာ ဘာမှမရှိပါဘူး။ ကျွန်မမွေးနေ့ မှာ မွေးနေ့ ဆုတောင်း ပေး ချင်တယ် ဆိုရင် ကျွန်မလိုချင်တဲ့ ဆုကတော့ ကျွန်မတို့ ရဲဘော်ရဲဘက်တွေ အားလုံးဟာ အမြဲပဲ ဆက်ပြီးတော့ ပူးပေါင်းဖို့ လိုပါတယ်။ အပြန်အလှန် သစ္စာထားမှု၊ လေးစားမှု၊ နားလည်မှုတွေနဲ့ ပန်းတိုင်ရောက်တဲ့အထိ လျှောက်သွားနိုင်ပါစေဆိုတဲ့ ဆုတောင်းကိုပဲ လိုချင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံးနှင့် တစ်ကမ္ဘာလုံးမှ NLD ၏ လှုပ်ရှားမှုကို အခြေပြုကာ ၎င်းအပေါ် မေတ္တာ ထားကြသူများ အားလုံးကို ကျေးဇူးတင်ကြောင်း၊ မည်သည့်ဘာသာကို ကိုးကွယ်သူဖြစ်စေ မှန်ကန်သည့် မေတ္တာဖြင့် ဆုတောင်းပေးသည် ဆိုပါက အလွန်ထိရောက်ကြောင်းနှင့် ဆုတောင်းပေးသူ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အဆိုပါ မွေးနေ့ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် အပါ အ၀င် မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံတကာ သံအမတ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး သမားဟောင်းများ၊ ဘုန်းတော်ကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီး အသီးသီးမှ NLD ပါတီဝင်များ၊ အနုပညာရှင်များ၊ ပြည်သူများ တက်ရောက်ဂုဏ်ပြု ခဲ့ကြသည်။
"ဒေါ်စုဟာ ၈၈ ကနေဆိုရင် အခု ၂၅ နှစ်တာကာလမှာ ပြည်သူတွေအတွက် ရပ်တည်ခဲ့တာပါ။ ဒေါ်စုဟာ တိုင်းရင်းသားတွေနဲ့ တစ်သွေးတည်း တစ်သားတည်း ရှိပြီးတော့ တိုင်းရင်းသားအရေးကို ရပ်တည်ပေးနေ တဲ့ ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ အဘတို့ တိုင်းရင်းသားတွေက ဂုဏ်ပြုကြိုဆိုတဲ့ အနေနဲ့ ဒီပွဲကို လာတာပါ" ဟု မွေးနေ့ပွဲ တက်ရောက်လာသည့် တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးသာဘန်းက ပြောကြားသည်။
"တက်ဖူးချင်တဲ့ အခမ်းအနားတစ်ခု တက်ရလို့ ကျေလဲကျေနပ်တယ်။ ဂုဏ်လဲယူပါတယ်" ဟု တောင်တွင်းကြီး NLD မှ မွေးနေ့ပွဲ တက်ရောက်လာသူ မခင်အေးမူက ပြောကြားသည်။
မွေးနေ့လက်ဆောင်အဖြစ် အလှူငွေများ လက်ခံခဲ့ပြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် ကျပ် ၇၅ သိန်းကျော်၊ NLD ကျန်းမာရေး ကွန်ရက်အတွက် ကျပ် ၆၈ သိန်းကျော်၊ NLD ပညာရေး ကွန်ရက်အတွက် ကျပ် ၄၅ သိန်းကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် သီးသန့်အလှူငွေကျပ် ၁၂ သိန်းကျော် ရရှိခဲ့ပြီး စုစုပေါင်း အလှူငွေကျပ် သိန်း ၂၀၀ ကျော် ရရှိခဲ့သည်။

From...EMG

No comments:

Post a Comment