Monday, June 17, 2013

လူငယ်လူရွယ်များ နေရပ်စွန့်ခွာမှု များပြား၍ လယ်ယာစိုက်ပျိုးရေး စတင်ချိန် လုပ်သားရရှိရန် အခက်ကြုံ

6.16.17
လှည်းကူးမြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)
လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းအတွက် ပြည်တွင်း ပြည်ပသို့ နေရပ်မှ စွန့်ခွာပြောင်းရွှေ့မှု
များပြားသောကြောင့် လယ်ယာစိုက်ပျိုးရေး စတင်ချိန်တွင် လယ်ယာလုပ်သား အခက်အခဲနှင့် ရင်ဆိုင် ကြုံတွေ့လျက် ရှိကြောင်း တောင်သူများထံမှ သိရသည်။
''ဒီနှစ် လုပ်သားရှားတယ်။ လုပ်သားကတော့ အခုနောက်ပိုင်း ဒီလိုပဲရှားလာတာ။ ကိုယ်တိုင်မလုပ်နိုင်တော့ လုပ်သားနဲ့ ထွန်ရတယ်။ ပဲခူးဘက်က ငှားရတယ်။ ဒီမှာမရဘူး။ တစ်ဧကကို လုပ်သားတစ်ဦးကို စပါး စိုက်ပြီးချိန်အထိ တင်း ၆၀ လောက် ပေးရပါတယ်။ ငွေနဲ့ဆိုရင် တစ်လကို ကျပ် ငါးသောင်းလောက် ပေး ရတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ၀ါးနက်ကုန်း အနောက်စုကျေးရွာမှ ဦးထွန်းလင်း က ပြောကြားသည်။
''အခုက ဓာတ်မြေသြဇာလို စရိတ်တွေ တက်လာသလိုပဲ လုပ်သားစရိတ်ကလည်း တက်လာတယ်။ စပါးဈေးကျတော့ တင်း ၁၀၀ ကို သုံးသိန်းနှစ်သောင်းလောက်က မပြောင်းတာကြာ ပြီ။ ခြောက်နှစ်လောက်ရှိပြီ။ စိုက်ပျိုးစရိတ်က တက်လာတော့ လယ်သမားအလုပ်က သိပ်မကျန်ဘူး။ လူငယ်တွေ မလုပ်ကြတော့ဘူး'' ဟု လှည်းကူးမြို့နယ် ၀ါးနက်ချောင်း အနောက်စု ကျေးရွာမှ ဦးတင်ရွှေ က ပြောပြသည်။
ကျေးလက်ဒေသမှ လူငယ်များသည် အလုပ်အကိုင် အခွင့်အလမ်းအတွက် မြန်မာနိုင်ငံတွင်းရှိ မြို့ကြီးများ သို့ ပြောင်းရွှေ့သည့် နည်းတူ မလေးရှား၊ ထိုင်း စသည့်နိုင်ငံများသို့လည်း ထွက်ခွာမှုများ ရှိနေသည်။
လက်ရှိတွင် ကျေးလက်ဒေသများ၌ လူငယ်လူရွယ် ဦးရေထက် သက်ကြီးနှင့် ကလေးငယ် ဦးရေကသာ ပိုမို များပြားလျက် ရှိသည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး လုပ်ငန်းကို နိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း ၇၀ ၀န်းကျင်က လုပ်ကိုင်လျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှာ ဧရာဝတီတိုင်း ဒေသကြီးပြီးပါက စပါးစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သော ဒေသများ၌ ပါဝင်နေသည်။
''ပဲခူးဘက်မှာတော့ လုပ်သားရှိတော့ ရန်ကုန်တိုင်းဘက်က လယ်တွေက ငှားရင် သွားလုပ်ကြတယ်'' ဟု ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် လက်ပံဝင်း ကျေးရွာမှ ဦးအောင်ဝင်းက ပြောကြားသည်။
''လူငယ်တွေက မြို့က စက်မှုဇုန်တွေမှာ သွားလုပ်ကြတာများတယ်။ လယ်ယာ အလုပ်ကို မလုပ် ကြတော့ဘူး။ လယ်ယာအလုပ်လောက် စက်ရုံအလုပ်ရုံက အလုပ် မပင်ပန်းဘူး ဆိုပြီး ပြောင်းရွှေ့ ကြတာပါ'' ဟု လှည်းကူးမြို့မှ ကိုဇော်ဝင်းက ဆိုသည်။
လယ်ယာလုပ်ငန်းများ၌ လယ်ယာလုပ်သား ရှားပါးမှု အခက်အခဲကို စပါးစတင်စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များ၌ ကြုံတွေ့လျက်ရှိပြီး ဆန်စပါးကို အဓိက စိုက်ပျိုးရာ ဒေသဖြစ်သော ဧရာဝတီတိုင်း ဒေသကြီး၌လည်း အလားတူ အခြေအနေ ဖြစ်ပေါ်လျက် ရှိသည်ဟု ဒေသခံ အချို့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ကျုံမငေးမြို့ လေးအိမ်တန်း ကျေးရွာမှ တောင်သူ ကိုသန်းအေးက ''ကျွန်တော် လယ် ၁၄ ဧကလောက် ပိုင်ပါတယ်။ ကျွန်တော်တို့ စပါးစိုက်ပျိုးရာမှာ လယ်လုပ်သူ ရှားပါးတာက အဓိကပြဿနာလို ဖြစ်နေတယ်။ လယ်လုပ်သား တစ်ယောက်ကို အနည်းဆုံး ၂၅၀၀ ပေးရတယ်။ ဒါတောင် လာချင်မှလာတယ်။ အဲဒါကြောင့် သူတို့လာအောင် စပါးစိုက်တဲ့အချိန် မတိုင်ခင်ကတည်းက လက်ဆောင်တွေ ပေးထားရတယ်။ ကျွန်တော်တို့ဆီမှာ လယ်လုပ်သားတွေ အရမ်းရှားသွားပြီ။ အများစုက မြို့ပေါ် တက်ကုန်ပြီ'' ဟု ပြောပြသည်။
ဧရာဝတီတိုင်း ဒေသကြီး အတွင်း၌လည်း မိုးစပါး စိုက်ပျိုးမှုအတွက် စတင် ပြင်ဆင်လျက်ရှိကာ စိုက်ပျိုးစရိတ်ချေးငွေ နောက်ကျ ည့်အတွက် သွင်းအားစု ၀ယ်ယူရန် အခက်အခဲအချို့ကိုလည်း ကြုံတွေ့ရလျက် ရှိသည်ဟု သိရသည်။
''ဒီနှစ် ကျွန်တော် လယ်လုပ်သားရှာမရလို့ ကျွန်တော့်လယ်နှစ်ဧကကို ကျွန်တော့်သားနှစ်ယောက်နဲ့ ကိုယ်တိုင်ပဲ လုပ်ပါတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ သူရင်းငှား ငှားလို့မရတော့ပါဘူး။ လယ်လုပ်သား အများစုက ရာသီပေါ်ချိန် နေ့စားနဲ့ လယ်လုပ်ပြီးရင် မြို့တက် ကြတာများတယ်'' ဟု မြောင်းမြမြို့ သညွတ်ကွင်း ကျေးရွာမှ လယ်ပိုင်ရှင်တောင်သူ ဦးမောင်စိုးက ပြောပြသည်။ လယ်ယာလုပ်ငန်းကို ပင်ပန်းစွာ လုပ်ကိုင်ရသော်လည်း ပြန်လည်ရရှိသည့် အကျိုးအမြတ် နည်းပါးမှုသည် လူငယ်လူရွယ်တို့အား လယ်ယာလုပ်ငန်းခွင်ကို စွန့်ခွာ၍ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု အတွက် ပြည်တွင်းပြည်ပသို့ ပြောင်းရွှေ့ လုပ်ကိုင်မှုများ မြင့်တက်လာ စေခဲ့သည်။

From...EMG

No comments:

Post a Comment