Monday, June 17, 2013

မသန်စွမ်း ကလေးငယ်များသည် အခြားသော ကလေးများနှင့် နှိုင်းယှဉ်ပါက အကြမ်းဖက်မှု၏ သားကောင် ဖြစ်နိုင်ခြေ သုံးဆမှ လေးဆအထိရှိနေ

6.16.15
မသန်စွမ်း အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသည့် မသန်စွမ်း ကလေးငယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်စုံအောင်)
မသန်စွမ်း ကလေးငယ်များသည် အခြားသော ကလေးများနှင့် နှိုင်းယှဉ်ပါက အကြမ်းဖက်မှု၏
သားကောင်ဖြစ်နိုင်ခြေ သုံးဆမှလေးဆ အထိရှိနေပြီး အချို့သော အကြမ်းဖက်မှု ပုံစံများသည် မသန်စွမ်း ကလေးငယ်များတွင်သာ တွေ့ရလေ့ရှိကြောင်း မသန်စွမ်း ကလေးငယ်များအကြောင်း အဓိက ဖော်ပြ ထားသည့် ကမ္ဘာ့ကလေးသူငယ်များ အခြေအနေ ၂၀၁၃ အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။
ကမ္ဘာ့နိုင်ငံအချို့ရှိ သုတေသန အဖွဲ့များမှ မသန်စွမ်း ကလေးများအား အကြမ်းဖက်မှု အပေါ် လေ့လာချက်အား ယင်းစစ်တမ်းတွင် ဖော်ပြထားရာ သန်စွမ်းသော ရွယ်တူ ကလေးများထက် မသန်စွမ်းသော ကလေးများသည် အကြမ်းဖက်ခံရနိုင်ခြေ များစွာရှိနေကြောင်း၊ အကြမ်းဖက်ခံရမှု များအနက် ကိုယ်ကာယ အကြမ်းဖက်မှုများမှာ ၃ ဒသမ ၆ ဆ နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှာ ၂ ဒသမ ၉ ဆ ရှိနေကြောင်းနှင့် စိတ် (သို့) အသိဥာဏ် ချို့ယွင်းသော ကလေးငယ်များသည် သန်စွမ်းသော ရွယ်တူကလေးများနှင့် ယှဉ်ပါက လိင်အကြမ်းဖက်မှု၏ ဒုက္ခသည် ဖြစ်နိုင်ခြေမှာ ၄ ဒသမ ၆ဆ ပိုများလျက်ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။
''အခုနောက်ပိုင်း အဓမ္မပြုကျင့် ခံရသူတွေထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေနဲ့ မသန်စွမ်း ကလေးငယ်တွေလည်း ပါဝင်လာတယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေကို ကြည့်ရင် ကျူးလွန်ခံရသူ ရဲ့ ဆွေမျိုးနီးစပ် တော်စပ်သူတွေ ပါဝင်နေတာကို တွေ့ရပြီး သူစိမ်းက ကျူးလွန်သွားတယ်ဆိုတာ နည်းပါတယ်။ ဒီလိုအမှုမျိုး ကြုံခဲ့ရင် တိုင်ရင်တိုင်၊ မတိုင်ရင်တော့ ကျူးလွန်တဲ့သူက နောက်တစ်ကြိမ် ထပ်ကျူးလွန်ဖို့ အလားအလာတွေ ရှိပါတယ်'' ဟု အမျိုးသမီးနှင့် ကလေးသူငယ်များ အမှုအခင်း ကြုံတွေ့လာပါက ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးနေသည့် Legal Aid Project မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ လေ့လာချက်များအရ မသန်စွမ်း ကလေးသူငယ်များတွင် အကြမ်းဖက်ခံရနိုင်ခြေ ပိုများနေရခြင်းမှာ မသန်စွမ်း ကလေးငယ်များကို စောင့်ရှောက်ရခြင်းသည် စောင့်ရှောက်သူများအား အပိုဝန်ကို ဒဏ်ခံရစေသဖြင့် အလွဲသုံးစွဲ နိုင်ခြေကို မြင့်မားစေနိုင်ကြောင်း၊ မသန်စွမ်းသော ကလေးအများစုမှာ အိမ်တွင်း၌သာထား၍ စောင့်ရှောက်ခြင်းသည် လိင်အလွဲ သုံးစားမှုကို ဖြစ်စေသည့် အဓိက အကြောင်းရင်း ဖြစ်နေကြောင်းနှင့် စကားပြောဆို ဆက်သွယ်မှုကို ထိခိုက်စေသော မသန်စွမ်းမှုများသည် တချို့ကလေးများကို အထူးတလည် အကာအကွယ်မဲ့စေပြီး အနိုင်ကျင့် ခံရသော အခြေအနေများကို ထုတ်ဖော်ပြောကြားနိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ လူဦးရေ၏ ၂ ဒသမ ၃၂ရာခိုင်နှုန်း မှာ မသန်စွမ်းသူများ ဖြစ်ကြပြီး ၂၄ ရာခိုင်နှုန်းသည် ၁၆ နှစ်အောက်များ ဖြစ်ပြီး ခြောက်နှစ်အောက် ၅ ဒသမ ၃၇ ရာခိုင်နှုန်း၊ ခြောက်နှစ်မှ ၁၅ နှစ် အတွင်း ၁၉ ဒသမ ၅၁ ရာခိုင်နှုန်း၊ ၆၅ နှစ်အထက် ၁၉ ဒသမ ၃၃ ရာ ခိုင်နှုန်းတို့ ဖြစ်သည်။

From...EMG

No comments:

Post a Comment