Thursday, June 6, 2013

ယာဉ်မှတ်ပုံတင်ကြေးအား ကျပ်ငွေဖြင့် ပေးသွင်းမှု ကညနမှ ရက်ပိုင်းအတွင်း လက်ခံမည်

kanyana-june6
ရန်ကုန်တိုင်း ဒေသကြီး ကညန ရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
ယာဉ်မှတ်ပုံတင် ကြေးများအား ပေးသွင်းရာတွင် ကျပ်ငွေဖြင့် ပေးသွင်းခြင်းကို ရက်ပိုင်းအတွင်း လက်ခံ သွားမည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

ကညနမှ တာဝန်ရှိသူ တစ်ဦးက "ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းတာကို ကျပ်ငွေနဲ့ လက်ခံဖို့ လုပ်နေပါ တယ်။ ရက်ပိုင်းအတွင်း လက်ခံသွားမှာပါ" ဟု အတည်ပြု ပြောကြားခဲ့သည်။

ယခင်က ယာဉ်မှတ်ပုံတင်ကြေးများ ပေးသွင်းရာ၌ အက်ဖ်အီးစီဖြင့် စတင်လက်ခံ ခဲ့ပြီးနောက်ပိုင်းတွင် အမေရိကန် ဒေါ်လာဖြင့်သာ ပေးသွင်းရန် ပြောင်းလဲသတ်မှတ် ခဲ့သည်။

ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းမည့်သူများ အနေဖြင့် အမေရိကန် ဒေါ်လာအား ၀ယ်ယူပေး သွင်း နေရ သည့် အတွက် နိုင်ငံတော်သမ္မတ၏ညွှန်ကြားချက်တွင် ပါဝင်သည့်အတိုင်း ဈေးကွက် အတွင်း ဒေါ်လာ လိုအပ်ချက်ကို ဖြစ်ပေါ်စေလျက်ရှိခြင်း၊ ပြည်တွင်း ၌ ပေးသွင်းရခြင်း ဖြစ်သော် လည်း မြန်မာနိုင်ငံ ဖြစ် လျက်နှင့် ကျပ်ငွေအသုံးမ၀င်ဖြစ်နေခြင်း၊ ငွေလဲကောင်တာများမှ ၀ယ်ယူပေးသွင်းရခြင်းကြောင့် ငွေ လဲကောင်တာ များသာ ပိုမိုအမြတ်ရ အလုပ်ဖြစ်နေခြင်းများ ဖြစ်ပေါ်လျက် ရှိသည်။

နိုင်ငံတော် သမ္မတမှ နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ သို့မဟုတ် အမေရိကန် ဒေါ်လာဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းများ သည် ပြည်တွင်းဈေးကွက် တွင် ဒေါ်လာ လိုအပ်ချက် ပမာဏ မြင့်မားစေသည့်အပြင် ပြည်တွင်းသုံး ကျပ်ငွေ၏ အသုံးဝင်မှု အခန်း ကဏ္ဍကိုလည်း လျော့ကျစေကြောင်း၊ ထို့အတွက် ပြည်သူ့ရေးရာ ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် သာသနာရေး ၀န်ကြီးဌာနမှအပ ၀န်ကြီးဌာန/အဖွဲ့အစည်းများ အနေဖြင့် အခွန်အခ များ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းများ၌ မြန်မာ ကျပ်ငွေဖြင့် သာ ကောက်ခံ ရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စု ၀န်ကြီးဌာနများ အားလုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့အားလုံးသို့ ညွှန်ကြားချက်ကို မေ ၃၁ ရက်က ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ခဲ့ပြီးနောက်တွင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှလည်း နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်အတိုင်း ကျပ်ငွေဖြင့် ကောက်ခံရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ELEVEN

No comments:

Post a Comment