Thursday, June 27, 2013

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရုံနှင့် ငြိမ်းချမ်းရေး ရပြီဟု မဆိုနိုင်ဘဲ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးရန် များစွာကျန်ရှိနေသေး

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရုံနှင့် ငြိမ်းချမ်းရေး ရပြီဟု မဆိုနိုင် ဘဲ နိုင်ငံရေး
အရ ဆက်လက်ဆွေးနွေးရန် များစွာကျန်ရှိနေသေးဟု သမ္မတ ဦးသိန်းစိန်က ဇွန် ၂၅ ရက်က နေပြည်တော် ၌ ပြုလုပ်ခဲ့သည့် စီမံကိန်း ကော်မရှင် အစည်းအဝေးတွင် အစိုးရအဖွဲ့ ခေါင်းဆောင်များအား ပြောကြားသည်။
နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းအောင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနီးပါးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီချက်များကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု အားလုံးနီးပါး ရပ်စဲသွားပြီဖြစ်၍ မကြာမီ ကာလအတွင်း လွှတ်တော်သို့ တင်ပြပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေး ထိုး နိုင်တော့ မည် ဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။
"ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရုံနှင့် ငြိမ်းချမ်းရေး ရပြီဟုပြော၍ မရသေးဘဲ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေး စရာများ များစွာကျန်နေ ဦးမည်ဖြစ်သည်" ဟု သမ္မတက ပြောကြားခဲ့ကြောင်း ဇွန် ၂၅ ရက်က နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (WGEC- Working Group For Ethnic Co-ordination) သည် နိုင်ငံရေး ဆွေးနွေးရေး မူဘောင်တစ်ခုကို ရေးဆွဲပြီး Myanmar Peace Center သို့ ပေးပို့ထားသည်ဟု တိုင်းရင်းသားသတင်းဌာန သျှမ်းသံတော်ဆင့်တွင် ဇွန် ၂၀ ရက်က ဖော်ပြ ထား သည်။    
တစ်နှစ်ခွဲ ကာလအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးမှု စုစုပေါင်း (၇၄) ကြိမ် ပြုလုပ်ထားကြောင်းနှင့် လက်ရှိအချိန်တွင် အစိုးရအနေဖြင့် လက်နက်ကိုင် အဖွဲ့ကြီး ၁၄ ဖွဲ့ရှိသည့်အနက် လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အစိုးရသစ် လက်ထက်၌ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပထမဆုံး ရယူထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့နှင့် အစိုးရ တပ်မတော်အကြား အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု ရရှိပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးမရသေးသည့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် သဘောတူညီမှုရရှိရေး ဆောင်ရွက်နေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံးနှင့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုး နိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့အနေဖြင့် စီစဉ်ဆောင် ရွက်လျက် ရှိသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အကြီးအငယ် စုစုပေါင်း ၃၀ ကျော်ရှိပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း တစ်သိန်းကျော် ရှိသည်ဟု Myanmar Peace Center မှ အကြီးတန်း အကြံပေး အရာရှိ ဦးလှမောင်ရွှေက ပြောကြားထားသည်။

From...EMG

No comments:

Post a Comment