Thursday, June 20, 2013

မလေးရှားရောက် မြန်မာအလုပ်သမားများ အကြမ်းဖက်ခံရမှု မလေးရှား သံအမတ်နှင့် ၈၈ မျိုးဆက်အဖွဲ့တို့ ဆွေးနွေး

မလေးရှားရောက် မြန်မာအလုပ်သမားများ အကြမ်းဖက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ
မလေးရှားနိုင်ငံ သံအမတ်ကြီး Dr.Faisal Muhamad နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောကြားသည်။
အဆိုပါ မလေးရှား သံအမတ်ကြီးနှင့် တွေ့ဆုံမှုတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းမှ လူထုဆက်ဆံရေး တာဝန်ခံ ဦးဂျင်မီ၊ ဦးကိုကိုကြီး (စမ်းချောင်း)တို့ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားသံရုံးတွင် ဇွန် ၁၈ ရက် ညနေပိုင်းတွင် သွားရောက်တွေ့ဆုံ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာ၌ လက်ရှိ မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော မြန်မာလူမျိုးများ အကြမ်းဖက် ခံရမှု ဖြစ်စဉ်မှာ မလေးရှား လူမျိုးများနှင့် မြန်မာလူမျိုးများအကြား ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ မလေးရှား နိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော အခြားနိုင်ငံ တစ်ခု၏ လူအချို့ မှ မြန်မာလူမျိုးများအား အကြမ်းဖက်ခဲ့ခြင်းဖြစ်ကြောင်း၊ မလေးရှားနိုင်ငံတွင် ဆက်လက်နေထိုင် လုပ်ကိုင်နေကြသော မြန်မာလုပ်သားများ အတွက်လည်း ရေရှည်ဘေးကင်း လုံခြုံစွာ လုပ်ကိုင်နိုင်ရေး တို့အတွက် မလေးရှား အစိုးရအနေဖြင့် ကူညီပေးစေလိုကြောင်း၊ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သော ထိုင်းနိုင်ငံနှင့်လည်း အလုပ်သမားရေးရာ ကိစ္စများတွင် အလားတူ အတွေ့အကြုံများ ရှိခဲ့၍ လေ့လာ သင်ခန်းစာ ယူနိုင်ပါကြောင်း၊ အဆိုပါ ကိစ္စရပ်များ လုပ်ဆောင်ရာတွင် နှစ်နိုင်ငံ အစိုးရများ၏ အခန်းကဏ္ဍ အရေးကြီး လာမှုများကြောင့် မိမိတို့အရပ်ဘက် အဖွဲ့အစည်း အနေဖြင့် လာရောက်တွေ့ ဆုံခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်အဖွဲ့ အနေဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မလေးရှားနိုင်ငံ သံအမတ်ကြီးက ပြန်လည်ဆွေးနွေးရာတွင် မလေးရှားနိုင်ငံတွင် အခြေအနေ အမျိုးမျိုးဖြင့် လာရောက်နေထိုင်ကြသော မြန်မာလုပ်သားများအပေါ် မလေးရှား လုပ်ငန်းရှင် များမှ ခေါင်း ပုံဖြတ် မှုများ မရှိစေရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံ တွင် တရားမ၀င် လာရောက်လုပ်ကိုင် နေကြသူများလည်း ရှိနေသဖြင့် အလုပ်သမား ကိစ္စရပ်များကို အကောင်းဆုံး နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သွားပြီး မြန်မာနိုင်ငံ အလုပ်သမားရေးရာ ၀န်ကြီးဌာနနှင့်လည်း အပြည့် အ၀ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဦးဂျင်မီက ဆိုသည်။

From..EMG

No comments:

Post a Comment