Thursday, June 20, 2013

စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးများအား ရာခိုင်နှုန်းပြည့် သို့မဟုတ် ဖက်စပ်အနေဖြင့် ၀င်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းထား

naturaloil-june20
ကမ်းလွန်လုပ်ကွက် တစ်ခုအား တွေ့ရစဉ် (Photo-Myanmar Oil and Gas Industry Family Facebook)
မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူခြင်း စသည့်စွမ်းအင် တူးဖော်ရှာဖွေခြင်း လုပ်ငန်း
များတွင် ၀င်ရောက်လုပ်ကိုင်ရန် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးများအား ရာခိုင်နှုန်း ၁၀၀ ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ဖက်စပ်လုပ်ငန်း အနေဖြင့် ခွင့်ပြုပေးထားကြောင်း ဇွန် ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပသော ဒုတိယအကြိမ်မြောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှ သိရှိရသည်။
"မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ နိုင်ငံတကာ စွမ်းအင် ကုမ္ပဏီကြီးတွေက စိတ်ဝင်စားနေ ကြပါတယ်။ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမယ် ဆိုရင် မြန်မာပြည် ဘက်ကတော့ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုဖြစ်စေ၊ ဖက်စပ်ဖြစ်စေ ခွင့်ပြုပေးသွားမယ်လို့ သိရပါ တယ်။ မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့က အများကြီး ရှိနေပါသေးတယ်။ အခုတော့ မြန်မာနိုင်ငံ လည်း EITI အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ကြိုးစားနေပြီဆိုတော့ ၀င်လာကြမှာပါ။ မြန်မာနိုင်ငံ ကမ်းလွန်မှာ ထုတ်ယူသုံးစွဲခြင်း မပြုရသေးတဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ အများကြီး ရှိနေပါသေးတယ်။ တစ်ချိန်တုန်းကတော့ မြန်မာနိုင်ငံမှာ သယံဇာတကျိန်စာ သင့်ခဲ့တယ်ဆိုပြီး ပြောကြတာမျိုး ရှိပါတယ်။ တကယ်တော့ ဒီအရင်းအမြစ်တွေက ရတဲ့ဝင်ငွေနဲ့ အစိုးရတစ်ရပ်က ပွင့်လင်းမြင်သာမှု မရှိဘဲ သုံးခဲ့တာတွေ ရှိတယ်။ ဒါကြောင့်ပြောကြတာပါ။ အခုတော့ ဒီမိုကရေစီနိုင်ငံ ဖြစ်သွားပါပြီ။ ဒီငွေတွေကလည်း ပွင့်လင်းမြင်သာမှုရှိရှိ သွားရမှာပါ။ နိုင်ငံရဲ့ လိုအပ်တဲ့ ကဏ္ဍတွေမှာ ပြန်ပြီးအသုံးချ သွားနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်" ဟု Mandalay Technology မန်နေဂျင်း ဒါရိုက်တာ ကိုဇော်နိုင်က ဆိုသည်။
ယင်းကဲ့သို့ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံရာတွင် ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်များတွင် လည်းကောင်း၊ ရေနံတူးဖော်ရေး လုပ်ငန်းများတွင် လည်းကောင်း လာရောက်ရင်းနှီး မြှုပ်နှံနိုင်ပြီး ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားခွင့် နှစ်ဦးနှစ်ဖက် ရရှိမည်ဖြစ်ကြောင်း သိရ သည်။
"ဇွန် ၁၇ ရက်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းတွေမှာ အကျိုးတူ ပူးပေါင်းဆောင် ရွက်မယ့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားခွင့် ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်။ သူတို့အနေနဲ့ ဥပမာ ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုပဲဖြစ်ဖြစ် စာရွက်ပေါ်မှာ ဖတ်လို့ရတယ် ဆိုပေမယ့် ဒီမှာလာပြီးတော့ အခုလို ဖိုရမ်မှာ ဆွေးနွေးတာတွေကို နားထောင်လိုက်တဲ့ သဘောပါ" ဟု Smart Companies Group မှ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်ကျော်လှိုင်က ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများသည် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်လိုအပ်ပြီး ထို့အတူ စွမ်းအင်ဝန်ကြီးဌာန၏ သဘောထား မှတ်ချက်များ ရယူဆောင် ရွက်ရမည့် လုပ်ငန်းများဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၃ အရ အဆိုပါ လုပ်ငန်းအမျိုးအစားအား သီးခြားပြဋ္ဌာန်းထားသည့် အခြေအနေ တစ်ရပ်အဖြစ် ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေး လုပ်ငန်းအမျိုးအစားအဖြစ် သတ်မှတ်ထားကြောင်း သိရ သည်။

From...EMG

No comments:

Post a Comment