Thursday, June 20, 2013

ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ် ငါးခု

၂ဝ၁၃ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ် ၁ဝဝ ရဲ့ စာရင်းကို မကြာမီက ထုတ်ပြန်လိုက် ပါသည်။
အဲဒီ စာရင်းထဲမှာ အမေရိကန် တက္ကသိုလ် အခု ၄ဝ ပါဝင်ပါတယ်။ အင်္ဂလန်က တက္ကသိုလ် ကိုးခု ပါဝင်တဲ့ အထဲမှာ အောက်စ်ဖို့ဒ် တက္ကသိုလ်လည်း ပါဝင်လာသလို စတန်းဖို့ဒ် တက္ကသိုလ်ကတော့ အဆင့်ခြောက် နေရာမှာ ရှိနေပါတယ်။ သြစတြေးလျ နိုင်ငံက တက္ကသိုလ် ခြောက်ခုကလည်း အဲဒီစာရင်းထဲမှာ ပါဝင်နေပြီး ဒီတက္ကသိုလ်တွေ ထဲက ငါးခုကို ရွေးထုတ် တင်ပြလိုက်ပါတယ်။
၁။ ဟားဗတ်တက္ကသိုလ် (အမေရိကန် ပြည်ထောင်စု)
အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက် ပြည်နယ် ကင်းဘရစ်ခ်ျမှာ တည်ရှိပြီး ၁၆၃၆ ခုနှစ်က တည်ထောင်ခဲ့တာ ဖြစ်လို့ နှစ်ပေါင်း ၄ဝဝ နီးပါး ရှိပါပြီ။ အမေရိကန် ပြည်ထောင်စုမှာ သက်တမ်း အရင့်ဆုံး အဆင့်မြင့် ပညာ သင်ကြားရေးတက္ကသိုလ် ဖြစ်ပါတယ်။ စတင် တည်ထောင်သူ ဂျွန်ဟားဗတ်ကို အစွဲပြုပြီး ဟားဗတ် တက္ကသိုလ်လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ် အတွင်းမှာ ကျောင်းသားပေါင်း ၁၉ဝဝဝ ကနေ ၂၁ဝဝဝ အထိ တက်ရောက် သင်ကြားခဲ့ပါတယ်။ အမေရိကန် သမ္မတ ရုစဗဲ့၊ ဂျွန်အက်ဖ် ကနေဒီ၊ ဂျော့ဒဗလျူဘုရှ်နဲ့ ဘားရက်အိုဘားမား တို့ဟာ အဲဒီ တက္ကသိုလ် ကျောင်းဆင်းတွေ ဖြစ်ပြီး အခြား ကမ္ဘာ့ နိုင်ငံ တွေက ခေါင်းဆောင်တွေ နဲ့ အောင်မြင်ထင် ရှားသူ အများအပြား ဟာလည်း ဟားဗတ် တက္ကသိုလ် ကျောင်းဆင်းတွေ ဖြစ်ကြ ပါ တယ်။
၂။ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် (MIT)
ဟားဗတ်တက္ကသိုလ်လိုပဲ မက်ဆာချူးဆက် ပြည်နယ် ကင်းဘရစ်ခ်ျမှာပဲ တည်ရှိပါတယ်။ ဒီကျောင်းက နိုဘယ်ဆုရှင် ၇၈ ဦး မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ MIT မှာ ကျောင်းငါးကျောင်း နဲ့ ကောလိပ်တစ်ခု ပါဝင်ပြီး ပညာရပ်ဆိုင်ရာ ဌာနပေါင်း ၃၂ ခု ပါဝင်ဖွဲ့စည်း ထားပါတယ်။ သိပံ္ပပညာ၊ အင်ဂျင်နီယာ ပညာ၊ နည်းပညာနဲ့ သုတေသန ဘာသာရပ်တွေကို အလေးပေး သင်ကြားပေးပါတယ်။ သင်ကြားရေး ဝန်ထမ်းပေါင်း ၁၈၁၈ ဦး ရှိပြီး လက်ရှိ အချိန်မှာ ကျောင်းသားပေါင်း ၁ဝ၈၉၄ ဦး တက်ရောက် ပညာသင်ကြား နေပါတယ်။ ဒီတက္ကသိုလ်ဆင်း ပညာရှင်တွေထဲမှာ စီးပွားရေး၊ ရူပဗေဒ၊ နိုင်ငံရေး ကျွမ်းကျင်သူ ပညာရှင်တွေ အများ အပြားပါဝင် နေပါတယ်။
၃။ ကင်းဘရစ်ခ်ျ တက္ကသိုလ် (ဗြိတိန်)
အင်္ဂလန်နိုင်ငံ ကင်းဘရစ်ခ်ျ အရပ်မှာ တည်ရှိတဲ့ ကမ္ဘာကျော် ပြည်သူပိုင် သုတေသန တက္ကသိုလ် တစ်ခု ဖြစ်ပါတယ်။ အောက်စ်ဖို့ဒ် တက္ကသိုလ်ပြီးရင် ဒုတိယ သက်တမ်းအရင့်ဆုံး တက္ကသိုလ် လည်း ဖြစ်ပါတယ်။ ပထမဆုံး တက္ကသိုလ် ဖွဲ့စည်းမှုကို ၁၂ဝ၉ ခုနှစ်က စတင်ခဲ့တယ်လို့ အဆိုရှိပါတယ်။ လက်ရှိအချိန်မှာ ကောလိပ် ၃၁ ခုနဲ့ မဟာမိတ် ပြုလုပ် ထားပါတယ်။ ကျောင်းသားပေါင်း ၁၈၄၄၈ ဦး ရှိပြီး သင်ကြားရေး အမှုထမ်း ၅၉၉၉ ဦး ရှိပါတယ်။ ဒီကျောင်းကနေ ဗြိတိန် ဝန်ကြီးချုပ် ၁၅ ဦး၊ စင်ကာပူနဲ့ ဂျော်ဒန် ဝန်ကြီးချုပ်တွေ ပါဝင်တဲ့ နိုင်ငံ့ ခေါင်းဆောင် ၂၃ ဦး၊ ချားလ်မင်းသား နဲ့ ဝေလ မင်းသား စတဲ့ တော်ဝင်မျိုးနွယ် ကိုးဦးတို့ မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။
၎။ အောက်စ်ဖို့ဒ် တက္ကသိုလ် (ဗြိတိန်)
ကမ္ဘာမှာ အင်္ဂလိပ် စကားပြောတဲ့ ဒုတိယ သက်တမ်းအရင့်ဆုံး တက္ကသိုလ် ဖြစ်ပါတယ်။ တက္ကသိုလ် ဖွင့်တဲ့ရက် အတိအကျကို မသိရှိနိုင်တော့ ပေမဲ့ ၁ဝ၉၆ ခုနှစ်က စတင် သင်ကြားခဲ့တဲ့ အထောက် အထားတွေ တွေ့ရပါတယ်။ အင်္ဂလန် နိုင်ငံ အောက်စ်ဖို့ဒ်အရပ်မှာ တည်ရှိပြီး ကျောင်းသားပေါင်း ၂၁၅၃၅ ဦး တက်ရောက် သင်ကြား နေပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ၂၆ ဦးဟာ ဒီတက္ကသိုလ်ကို တက်ရောက် ခဲ့ဖူးပြီး အဲဒီအထဲကမှ ကလီးမင့်န် အက်တလီ၊ ဟာရိုးဝီလ်ဆင်၊ မာဂရက်သက်ချာ၊ တိုနီဘလဲနဲ့ လက်ရှိ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ ပါဝင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေဖြစ်တဲ့ မန်မိုဟန်ဆင်း၊ အင်ဒီရာဂန္ဒီ၊ ဘနာဇီယာဘူတို၊ ဘီလ်ကလင်တန် နဲ့ ဒေါ်အောင်ဆန်းစုကြည်စတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ဒီတက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြား ခဲ့ကြပါတယ်။
၅။ ကယ်လီဖိုးနီးယား တက္ကသိုလ် (ဘာကီလေ)
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဘာကီလေမှာ တည်ရှိပြီး လက်ရှိ အချိန်မှာ ကျောင်းသားပေါင်း ၃၅၈၉၉ ဦး တက်ရောက် သင်ကြားနေကြ ပါတယ်။ ဒီတက္ကသိုလ်ကို ၁၈၆၈ ခုနှစ် မတ် ၂၃ ရက်က စတင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်က တက္ကသိုလ်မှာ လည်ပတ် သုံးစွဲတဲ့ ရန်ပုံငွေ ဟာ ဒေါ်လာ ၁ ဒသမ ဝ၉ ဘီလီယံ ရှိပါတယ်။ ဘာသာရပ်ပေါင်းစုံ သင်ကြားနေ ပြီး နိုဘယ်ဆုရှင် ၇၁ ဦး ကိုလည်း မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အလီဘူတို၊ အော်စကာဆုရ မင်းသားကြီး ဂရေဂရီပက်၊ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်း ရောဘတ် မက်နာမာရာ၊ ဂူဂဲလ်ကုမ္ပဏီရဲ့ အမှုဆောင် ဥက္ကဋ္ဌ အဲရစ်ရှမစ်တို့ဟာ ကယ်လီ ဖိုးနီးယား တက္ကသိုလ် ဆင်းတွေ ဖြစ်ကြပါတယ်။

From...မြ၀တီ

No comments:

Post a Comment