Thursday, June 20, 2013

မြန်မာနိုင်ငံတွင် ပထမဆုံး ပြုလုပ်သည့် 'လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်' ဆုချီးမြှင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆုချီးမြှင့်

chance-june20
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က 'မတ် ၁၃ ဆု' ရရှိသည့် ကိုစွမ်းသူရထွန်းကို ဆုချီးမြှင့်စဉ် (ဓာတ်ပုံ- မင်းသိန်းနိုင်)
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် "လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်
ပွဲတော်" ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၁၉ ရက် ညနေ ၄ နာရီ မိနစ် ၃၀ တွင် ရန်ကုန်မြို့ Traders Hotel ၌ ပြုလုပ်ခဲ့ရာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နိုင်ငံတကာ Jury အဖွဲ့ဝင်များ၊ မီဒီယာများမှ တာဝန်ရှိသူများနှင့် ရုပ်ရှင် ဇာတ်ကား များ ဖန်တီးထားသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပထမဦးစွာ တက်ရောက်လာသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရအဖြစ် မွေးနေ့ကိတ်ကို ဦးစွာလှီးစေ ခဲ့သည်။ ထို့နောက် ပြည်တွင်းမှ ပေးပို့လာသည့် ဇာတ်ကားများနှင့် ပြည်ပမှ ပေးပို့လာသည့် ဇာတ်ကားများ အနက် ဆုရရှိသည့် ဇာတ်ကားများကို ကြေညာပေးခဲ့သည်။
ပထမဦးစွာ ထပ်တိုးဆုတစ်ဆုဖြစ်သည့် Czech Republic Award အတွက် ကြေညာပေးခဲ့ရာ ဒါရိုက်တာမောင်အေးချမ်း ရိုက်ကူးသည့် 'Go Home' ဇာတ်ကားက ဆုရရှိခဲ့သည်။ အဆိုပါ ဇာတ်ကား သည် ထိုင်းနိုင်ငံ မဲဆောက်ရှိ အမှိုက်ပုံတစ်ခုတွင် မှီတင်းနေထိုင်ရသော မြန်မာရွှေ့ပြောင်း လုပ်သား များ၏ နေထိုင်ရပ်တည် ရမှုများကို ပုံဖော်ရိုက်ကူး ထားခြင်းဖြစ်သည်။ ထို့နောက် NBC Award ကို ကြေညာပေးခဲ့ရာ ဒါရိုက်တာ မောင်ဆန်းရိုက်ကူးသည့် 'အခွင့်အရေး' ဇာတ်ကားက ဆွတ်ခူးရရှိခဲ့သည်။ ယင်းဇာတ်ကားမှာ အခွင့်အရေးဟူသည့် ခေါင်းစဉ်အောက်တွင် မိမိတို့ ရပိုင်ခွင့် အခွင့်အရေး ကို တောင်းဆိုကြပြီး အချို့က အခွင့်အလမ်းအဖြစ် အသုံးချပုံကို ရိုက်ကူးထားခြင်း ဖြစ်သည်။
ဆက်လက်၍ ပြည်တွင်းမှ ပြိုင်ပွဲဝင် ဇာတ်ကားများအတွက် 'မတ် ၁၃' ဆုကို ကြေညာပေးခဲ့ရာ ဒါရိုက်တာ စွမ်းသူရထွန်း ရိုက်ကူးသည့် 'စစ်တုရင်' animation ဇာတ်ကားက ရရှိခဲ့သည်။ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခံရသည့် စစ်တုရင် အဖြူလေးများသည် လွတ်လပ်ခွင့် ရလာသော အခါတွင်လည်း မည်သို့မျှ ပြန်လည်မခုခံ တတ်ကြတော့ဘဲ ဖြစ်နေပုံနှင့် နောက်ပိုင်းမှသာ သတ္တိရှိရှိနှင့် ပြန်လည်ခုခံ ကစားကြ ပုံကို animation ဖြင့် ပုံဖော်ထားခြင်း ဖြစ်သည်။
ထို့နောက် 'မင်းကိုနိုင်' ဆုကို ဆက်လက်ကြေညာရာ 'Myanmar Treasure Media' မှ ရိုက်ကူးဖန်တီး ထားသည့် 'White & Green' ဇာတ်ကားက ရရှိခဲ့ပါသည်။ အဆိုပါ ဇာတ်ကားတွင် လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်ကိုင်ရသူ ကလေးငယ် တစ်ဦး၏ ကျောင်းတက်လိုစိတ် ပြင်းပြပုံကို ရိုက်ကူးပုံဖော် ထားခြင်း ဖြစ်သည်။
ဆက်လက်၍ အစီအစဉ်အရ နိုင်ငံတကာ အကဲဖြတ် အဖွဲ့ဝင် တစ်ဦးချင်းနှင့် မိတ်ဆက်ပေးပြီးနောက် အကဲဖြတ် အဖွဲ့ဝင်များကိုယ်စား အကဲဖြတ် အဖွဲ့ဝင်တစ်ဦးက ရုပ်ရှင်ပွဲတော် အတွေ့အကြုံကို ပြောကြား ရာမှာ "အရွယ်စုံ ပရိသတ် သုံးထောင်လောက်က နေ့စဉ်ပွဲစဉ်တိုင်း ရုံပြည့်ရုံလျှံ အားပေးကြတာ အံ့အား သင့်စရာ ကောင်းလှပါတယ်။ ရုပ်ရှင်အပြီး ပြုလုပ်တဲ့ အမေးအဖြေ ကဏ္ဍမှာ ဆိုရင်လည်း လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနဲ့ ရုပ်ရှင်ရိုက်ကူးမှုမှာ သိချင်စိတ်များစွာနဲ့ မေးကြဖြေကြ ဆွေးနွေးကြ တာကို မြင်ရ တာလည်း အံ့မခန်းပါပဲ။ ဒီဆွေးနွေးမှုတွေကနေ ဘယ်လိုရှေ့ဆက်သွားဖို့ အကြံဥာဏ်တွေ၊ နည်းလမ်းတွေ ကို နားဆင်ရတာလည်း မမေ့နိုင် စရာပါပဲ" ဟု ပြောကြားသည်။
ထို့နောက် နိုင်ငံတကာ ပြိုင်ပွဲဝင် ဇာတ်ကားများထဲမှ Special Jury Award ကို ကြေညာပေးခဲ့ရာ Red Wedding မှတ်တမ်းဇာတ်ကားက ရရှိခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ ခမာနီ စစ်သားတစ်ဦးနှင့် အတင်း အဓမ္မ လက်ထပ်ခြင်း ခံခဲ့ရသော အမျိုးသမီးတစ်ဦး၏ အနိုင်ကျင့် နှိပ်စက်ခံရမှုများကို ပုံဖော်ရိုက်ကူး ထားခြင်း ဖြစ်သည်။ ဆက်လက်၍ နိုင်ငံတကာပြိုင်ပွဲဝင် ဇာတ်ကားများထဲမှ 'အောင်ဆန်းစုကြည်ဆု' ကို ကြေညာခဲ့ရာ အင်ဒိုနီးရှားနိုင်ငံတွင် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သူများ၏ ဖြစ်ရပ်မှန်ကို ရိုက်ကူးပုံဖော်ထားသည့် 'The Act of Killing' ဇာတ်ကားက ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါဆုကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်တွင်းမှ ပြိုင်ပွဲဝင် ဇာတ်ကားများမှ 'အောင်ဆန်းစုကြည်ဆု' အတွက် ရွေးချယ်ခံရ သူကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြေညာပေးခဲ့ရာ ဒါရိုက်တာ ရည်နန်းသိုက်ရိုက်ကူးသည့် 'အကျဉ်းစံဘ၀' ဇာတ်ကားက ရရှိခဲ့သည်။ အကျဉ်းထောင်အတွင်း ၁၂ နှစ်ကျော်ကြာ နေထိုင်ခဲ့ရပြီး အကျဉ်းထောင်အတွင်း ရရာပစ္စည်း အသုံးပြုကာ ပန်းချီရေးဆွဲရန် ကြိုးပမ်းရာမှ ပြန်လည်လွတ်မြောက် လာချိန်တွင် ပန်းချီဆရာတစ်ဦး ဖြစ်လာခဲ့သည့် နိုင်ငံရေး အကျဉ်းသား ကိုစန်းဇော်ထွေး၏ ဘ၀သရုပ်ဖော် ဇာတ်ကားဖြစ်သည်။
ဆုများချီးမြှင့် ပေးအပ်ခဲ့သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရ စကား ပြော ကြားခဲ့ရာ "ရုပ်ရှင်က ပေးလိုက်တဲ့ ပြောချင်တဲ့ စကားတစ်ခွန်းက အများကြီး ထိရောက်ပါ တယ်။ ဒီနေ့ ရုပ်ရှင်ပွဲတော်မှာ ဆုရရှိတဲ့ သူတွေဟာ လူငယ်တွေ ဖြစ်နေတာကို တွေ့ရတဲ့အတွက် လူငယ်တွေ စိတ်ဓာတ်အင်အား ဘယ်လောက်ရှိတယ် ဆိုတာကို ပြလိုက်တာပါပဲ။ နိုင်ငံတစ်နိုင်ငံကောင်းဖို့ လူငယ်တွေ က အများကြီး အရေးကြီးပါတယ်။ အခုလို လူငယ်တွေက တီထွင်ဖန်တီးမှု၊ တွေးခေါ်မျှော်မြင် မှုတွေ ကို ပြသနိုင်တာဟာ လူငယ်တွေကို ကျွန်မတို့ ယုံကြည်တာ မမှားဘူးဆိုတာ ပြလိုက်တာပါပဲ" ဟု ပြောကြားသည်။
'လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ' ရုပ်ရှင်ပွဲတော်ကို ခရီးသွားရုပ်ရှင် ပွဲတော်အဖြစ် နယ်မြို့များသို့လည်း လှည့်လည်ပြုလုပ်ရန် စီစဉ်ထားသည်။

From...EMG

No comments:

Post a Comment