Saturday, June 22, 2013

မိတ္ထီလာမြို့ ကယ်ဆယ်ရေး စခန်းများတွင် လူ ၄၅၀၀ ကျော် ခိုလှုံနေရဆဲဖြစ်

6.21.7
မိထ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းတစ်ခုအတွင်း ခိုလှုံနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-၀ဏ္ဏ)
မိထ္ထီလာမြို့တွင် မတ် ၂၀ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် လူပေါင်း ၉၀၀၀ ကျော် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေခဲ့ရာမှ ပြန်လည်နေရာ ချထားရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ
လက်ရှိ သုံးလပြည့်ချိန်တွင် မိတ္ထီလာမြို့ကယ်ဆယ်ရေးစခန်း ငါးခုတွင် လူပေါင်း ၄၅၀၀ ကျော် ခိုလှုံနေ ရဆဲ ဖြစ်ကြောင်း သိရသည်။
ကယ်ဆယ်ရေးစခန်း ငါးခုတွင် ခိုလှုံနေရသူ အများစုမှာ ရန်မျိုးအောင်ရပ်ကွက်၊ ၀န်ဇင်းရပ်ကွက်၊ သီရိမင်္ဂလာ ရပ်ကွက်နှင့် နန်းတော်ကုန်းရပ်ကွက် ချမ်းအေးနယ်မြေအတွင်း နေထိုင်ခဲ့ကြသူများဖြစ်ပြီး နေအိမ် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့သူများ ဖြစ်ကာ လက်ရှိ ဇွန်လလယ်ပိုင်းထိ အုတ်ဖို ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၁၉၅ ဦး၊ သာသနာ့ရက္ခိတ ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၆၆၁ ဦး၊ ရေအရင်းအမြစ် ကယ်ဆယ်ရေး စခန်း တွင် လူဦးရေ ၈၈၀ ဦး၊ ဗဟိုပို့ဆောင် ဆက်သွယ်ရေး သင်တန်းကျောင်း ကယ်ဆယ်ရေး စခန်းတွင် ၁၆၉၈ ဦး၊ ခရိုင်အားကစားကွင်း ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၁၀၈၁ ဦး စုစုပေါင်း လူဦးရေ ၄၅၁၅ ဦး ခိုလှုံနေကြရဆဲ ဖြစ်ကြောင်း သိရသည်။
''အရင်လက လူ ၅၀၀၀ လောက်ရှိတာ။ အခုဒီလထဲမှာ ကယ်ဆယ်ရေး စခန်းထဲက သီရိမင်္ဂလာ ရပ်ကွက်၊ အောင်ဇေယျာရပ်ကွက်မှာ နေတဲ့သူ အိမ်ထောင်စုတွေကို ပြန်လည်နေရာ ချထားပေး ခဲ့တယ်၊ နောက် အခြားမြို့ ပြောင်းသွားတာတွေ ရှိတယ်'' ဟု မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှုး ဦးမျိုးလှိုင်က ဆိုသည်။
''ကယ်ဆယ်ရေး စခန်းတစ်ခုကို ကြက်ခြေနီ သုံးယောက်နှုန်းနဲ့ ကြက်ခြေနီ ၁၅ ယောက် နေ့၊ ည တာဝန် ယူ စောင့်ရှောက် ပေးပါတယ်၊ နောက် ကြက်ခြေနီ အသင်းကနေ သောက်ရေလီတာ နှစ်သောင်းခွဲနဲ့ သုံးသောင်းကြားမှ ထောက်ပံ့ပေးနေတယ်။ ကျန်းမာရေးလည်း ကောင်းမွန်ကြပါတယ်။ သာမန်ဖျားတာ နာတာလောက်ပဲ ရှိပါတယ်၊ ကြိုတင်ကာကွယ်ရေး အနေနဲ့ သွေးလွန်တုပ်ကွေး မဖြစ်အောင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ပေးတယ်၊ ယင်မရှိအောင် ဆေးဖျန်းတာ လုပ်ပေးပါတယ်'' ဟု မိတ္ထီလာခရိုင် ကြက်ခြေနီအသင်း ဦးစီးမှူး ဒုတိယတန်းမှ ဦးနေဦးက ဆိုသည်။
''ဗဟိုပို့ဆောင် ဆက်သွယ်ရေး သင်တန်းကျောင်းက အဆောင် ရှစ်ဆောင်ပေးတယ်။ ထပ်ပြီး တဲလေးလုံး ထိုးထားတယ်'' ဟု ဗဟို ပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်းမှ ဦးမြင့်လွင်က ဆိုသည်။

From...EMG

No comments:

Post a Comment