Saturday, June 22, 2013

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အမေရိကန်အစိုးရ အနေဖြင့် အကောင်းဆုံး အထောက်အပံ့ ပေးသွားမည်

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အမေရိကန် အစိုးရအနေဖြင့် အကောင်းဆုံး အထောက် အပံ့ ပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး နိုင်ငံရေးအရာရှိ Eviu Welstu-Wain က ပြော ကြားသည်။
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဇွန် ၁၉ ရက်နှင့် ၂၀ ရက်များတွင် ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီးတွင် အမေရိကန် သံရုံး နိုင်ငံရေး အရာရှိ Eviu Welstu-Wain က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ကျွန်မဟာ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အစိုးရနဲ့ KNPP တို့ရဲ့ဖိတ်ကြားချက် အရ လေ့လာသူ အဖြစ် ရောက်လာတာပါ။ ဒီငြိမ်းချမ်းရေး ဆွေးနွေးမှုဟာ အချိန်ဘယ်လောက် ကြာမြင့်မယ်ဆိုတာ မသိပေမယ့် အမေရိကန် အစိုးရအနေနဲ့ အခုလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အကောင်းဆုံး အထောက် အပံ့ ပေးသွားမှာပါ။ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ ရေရှည်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့နဲ့ ဒီဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကောင်းတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အများကြီးထောက်ခံပါတယ်'' ဟု အမေရိကန် သံရုံးအရာရှိ က ပြောကြား ခဲ့ကြောင်း ဇွန် ၂၀ ရက်က နိုင်ငံပိုင် မီဒီယာ၏ သတင်းအစီအစဉ်တွင် ဖော်ပြထားသည်။

ဒီငြိမ်းချမ်းရေး ဆွေးနွေးမှုဟာ အချိန်ဘယ်လောက် ကြာမြင့်မယ်ဆိုတာ မသိပေမယ့် အမေရိကန် အစိုးရအနေနဲ့ အခုလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အကောင်းဆုံး အထောက်အပံ့ ပေးသွားမှာပါ။ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ ရေရှည်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့နဲ့ ဒီဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကောင်းတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အများကြီး ထောက်ခံပါတယ်...
ဧပြီလအတွင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အစိုးရနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို ) တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အမေရိကန် အပါအ၀င် ကုလသမဂ္ဂ ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံများမှ ကိုယ်စားလှယ်များ လေ့လာသူအဖြစ် တက်ရောက်နိုင်ရေး အတွက် ကေအိုင်အိုဘက်မှ တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ တရုတ်အစိုးရ၏ ကန့်ကွက်မှုကြောင့် ဆွေးနွေး ပွဲ ပြုလုပ်နိုင်ခြင်း မရှိဘဲ ရွှေ့ဆိုင်းခဲ့ရသည်ဟု ကချင်လူမှု အရပ်ဘက် အဖွဲ့အစည်းများ က ပြောကြား ထားသည်။
ထို့ပြင် မေလကုန်ပိုင်းတွင် ပြုလုပ်ခဲ့သည့် အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲတွင်လည်း အမေရိကန်၊ ဗြိတိန်နိုင်ငံများမှ ကိုယ်စားလှယ်များ မပါဘဲ တရုတ်နှင့် ကုလသမဂ္ဂမှ ကိုယ်စားလှယ်များသာ ပါဝင်ခဲ့သည်။
အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့သည် ဖေဖော်ဝါရီ ၄ ရက်နှင့် မတ် ၁၁ ရက်တို့တွင် တရုတ်အစိုးရ၏ ကူညီပေး မှုဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ မတ် ၁၁ ရက် ဆွေးနွေးမှုအပြီး ပူးတွဲကြေညာချက် မူကြမ်းမှ အပိုဒ် ၃(က)ပါ အချက်ဖြစ်သည့် ''စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲကို စတင်နိုင်ရေးအတွက် ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထားရှိရန် ညှိနှိုင်းမှုများ၊ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု အသိအမှတ်ပြုမှုများနှင့် ယုံကြည်စိတ်ချရသည့် နိုင်ငံများမှ တာဝန်ယူ သက်သေခံ ကြားဝင်ကူညီ စောင့်ကြပ်မှုများ ထားရှိရန် လိုအပ်သည်'' ဟူသည့် အချက်အား တရုတ်အစိုးရ၏ ကန့်ကွက်မှုကြောင့် ချန်လှပ်ခဲ့ရကြောင်း ကချင်လူထု အခြေပြု အဖွဲ့အစည်းများက ဧပြီ ၆ ရက်တွင် ကြေညာ ချက် ထုတ်ပြန်ထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထားရှိသည့် တရုတ်အစိုးရ၏ သဘောထားများနှင့် ပတ်သက်ပြီး နိုင်ငံရေး လေ့လာသူများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပြီး ဆွေးနွေးပွဲများတွင် တရုတ်နိုင်ငံ သာမက ခိုင်မာသော အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် အာမခံနိုင်သော နိုင်ငံများ ဖြစ်သည့် ဗြိတိန်၊ အမေရိကန်၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂ စသည်ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်မှသာ စစ်မှန်ပြီး အဓိပ္ပာယ် ပြည့်ဝသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်လာနိုင်မည်ဟု ယုံကြည်သည်ဟု သုံးသပ် ပြောကြားခဲ့ကြသည်။

From..EMG

No comments:

Post a Comment