Wednesday, June 19, 2013

ညှဉ်းပန်းနှိပ်စက် မှုများကြောင့် အများဆုံး တိုင်ကြားခံရသည့် ရဲတပ်ဖွဲ့ဝင် အချို့၏ လုပ်ရပ်အား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ပညာပေးအဆင့်သာ ပြုလုပ်နိုင်

udhr-june19
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမရက မြန်မာဘာသာပြန် ကမ္ဘာ့လူ့ အခွင့် အရေး ကြေညာစာတမ်း ဖြန့်ဝေမည့်အကြောင်း ရှင်းလင်းစဉ်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အချို့၏ ညှဉ်းပန်းနှိပ်စက်
မှုများနှင့် ပတ်သက်၍ အများဆုံး အနေအထားဖြင့် တိုင်ကြားနေသော်လည်း ကော်မရှင် အနေဖြင့် ထိရောက်သော လုပ်ဆောင်မှု မရှိဘဲ ပညာပေး အဆင့်သာ လုပ်ဆောင်နိုင်ကြောင်း ယင်းကော်မရှင်၏ ဥက္ကဋ္ဌ ဦးဝင်းမရက ဇွန် ၁၈ ရက်တွင် ပြောကြားသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ နေ့စဉ်တိုင်ကြားလွှာပေါင်း ၅၀ ၀န်းကျင်ခန့် ပျမ်းမျှဝင်ရောက်မှု ရှိနေပြီး နေ့စဉ်ဝင်ရောက်လာသည့် တိုင်ကြားလွှာများအနက် လယ်ယာမြေ အသိမ်းခံရပြီးနောက် လယ်မြေသော်လည်းကောင်း၊ ထိုက်တန်သည့် လျော်ကြေးသော် လည်းကောင်း ပြန် ရလိုမှုအား တိုင်ကြားသည့် လယ်ယာမြေ ဆက်စပ်အမှုမှာ အများဆုံးဖြစ်နေပြီး တရားရုံး လုပ်ထုံးလုပ်နည်း အရ မတရားစီစဉ် ခံနေရမှု၊ အမှုဘေးချိတ်ထားမှု၊ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ အယူခံ တက်ရမှု၊ တရားရုံး ကြန့်ကြာမှု အစရှိသည့် တရားရုံးမှုနှင့် အချုပ်ခန်း၊ အကျဉ်းထောင် စသည့်နေရာ များတွင် ရဲတပ်ဖွဲ့ဝင်များ၏ ညှဉ်းပန်းနှိပ်စက် မှုများမှာ အများဆုံး အနေအထားဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်းများစွာ အာဏာဖြင့် အုပ်ချုပ်လာသည့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူ့ဝန်ထမ်းဆိုသည့် အသုံးအနှုန်းဖြင့် အသားကျမှု မရှိသေးသည့်အပြင် ရဲတပ်ဖွဲ့ဝင် အချို့၏ အဓမ္မပြုကျင့်မှု၊ လုယက်မှု၊ ညှဉ်းပန်းနှိပ်စက် မှုများအား မီဒီယာ လွတ်လပ်ခွင့် ရချိန်တွင် ဖော်ပြမှုများ၊ တိုင်ကြားမှုများ ပိုမိုများပြား လာသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။
"ရဲတပ်ဖွဲ့ဝင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို အများဆုံး တိုင်ကြားပါတယ်။ ကျွန်တော်တို့ အနေနဲ့ အချက်အလက်နဲ့ တိုင်ကြားခံရပုံ မှန်၊ မမှန်စစ်ပြီး တိုင်တဲ့သူဘက်က မှန်နေတယ်ဆိုရင် သက်ဆိုင်ရာဌာန ကို တိုင်ပြီး လုပ်ထုံးလုပ်နည်းအရ အရေးယူစေပါတယ်။ ကျွန်တော်တို့ အနေနဲ့ သူတို့ကို လုပ်ပေးနိုင်တဲ့ အနေအထားကလည်း ပညာပေးခြင်း အဆင့်ပဲ ရှိပါတယ်" ဟု ဦးဝင်းမရက ဆိုသည်။
မြန်မာနိုင်ငံတွင် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး မဏ္ဍိုင်များဖြင့် သက်ဆိုင်သော တရားရုံးများ၊ ရဲဌာနများအား ပြည်သူများ အနေဖြင့် ယုံကြည်မှု မရှိဘဲ ပြဿနာဖြစ်ပွား လာပါက အချင်းချင်းညှိနှိုင်းမှု နားလည်မှုဖြင့်သာ ဖြေရှင်းနေကြောင်း အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှ အသွင်ကူးပြောင်း သည့် နိုင်ငံများတွင် တရားဥပဒေ စိုးမိုးရေး ကျွမ်းကျင်ပညာရှင် Ms. Leanne Mckay က ဆိုသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် အကျင့်ပျက် လာဘ်စားသည့် ရဲဝန်ထမ်းများ၊ ထုတ်ပယ်ခြင်း ရာထူးချခြင်း ပြုလုပ်ခံရသည့် ရဲဝန်ထမ်းများမှာ ၄၀၀၀ ခန့် ရှိနေပြီး ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ ထုတ်ပယ်ခံ ရဲအရာရှိ ၉၀၇ ဦးနှင့် ရာထူးချခံရသူ ၁၄၄ ဦးရှိကာ အခြားအဆင့်များတွင်မူ ထုတ်ပယ်ခံရသူ ၂၃၆၃ ဦးနှင့် ရာထူးချခံရသူ ၃၂၁ ဦးအထိ ရှိနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
From....EMG

No comments:

Post a Comment