Sunday, June 23, 2013

ပြည်ပသို့ လစဉ် တန်းမြင့်ပေါင်းဆန် တန်ချိန် ၁၀၀၀ ကျော်သာ တင်ပို့နိုင်သောကြောင့် လက်ရှိထက် ၁၀ ဆ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နေ

ricemachine-june23
လှိုင်မြို့နယ်ရှိ ဆိပ်ကမ်းတစ်ခုတွင် ဆန်အိတ်များ အတင်အချ ပြုလုပ်နေသည်ကို တွေ့ရစဉ်
လတ်တလောတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ လစဉ်တန်းမြင့်ပေါင်းဆန် တန်ချိန် ၁၀၀၀ နှင့် ၁၅၀၀ ကြားသာ တင်ပို့နိုင်သေးသော်လည်း ယခုနှစ်ကုန်ပိုင်း၌ လက်ရှိထက် ၁၀ ဆ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်
တန်းမြင့်ပေါင်းဆန် စက်ရုံများ တိုးချဲ့တည်ဆောက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ သိရသည်။
"အခုချိန်မှာ ပြည်ပကို ပေါင်းဆန် လစဉ်တန်ချိန် ၁၀၀၀ နဲ့ ၁၅၀၀ ကြားတော့ တင်ပို့နိုင်ပါတယ်။ ရုရှားဈေး ကွက်ကိုပဲ  အဓိက တင်ပို့နေရတာပါ။ ဈေးနှုန်းအနေနဲ့ ပြောမယ်ဆိုရင်လည်း တစ်တန်ကို အမေရိကန်ဒေါ် လာ ၅၀၀ ဆိုတော့ ပုံမှန်ဈေးပါပဲ။ ပေါင်းဆန်တွေ များများတင်ပို့နိုင်ဖို့  ပေါင်းဆန်ရုံတွေ တိုးချဲ့ တည်ဆောက်နိုင်ဖို့ကိုလည်း ဆောင်ရွက်နေကြပါတယ်။ လက်ရှိတည်ဆောက်နေဆဲ ပေါင်းဆန် စက်ရုံတွေ က မကြာမီမှာ လည်ပတ်တော့မယ့် စက်တွေရှိသလို စမ်းသပ်လည်ပတ်နေတဲ့ စက်တွေလည်း ရှိနေပါတယ်။ ဒီနှစ်ကုန်ပိုင်းလောက်တော့ တန်ချိန် ၁၀၀၀၀ ကျော်အထိ တိုးပြီးတင်ပို့နိုင်မှာ ဖြစ်ပါတယ်" ဟု ရွှေဇာခြည် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသောင်းဝင်းက ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်အတွင်း ပေါင်းဆန်စက် အလုံး ၃၀ အထိ တိုးချဲ့တည်ဆောက် သွားမည်ဖြစ်ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
"အခုအခါမှာ ကမ္ဘာ့ဈေးကွက်ကို ကြည့်မယ်ဆိုရင် ပေါင်းဆန်တွေ အ၀ယ်လိုက်နေတယ်။ မြန်မာနိုင်ငံ က ပေါင်းဆန် တင်ပို့မှုကို တိုးမြှင့်နိုင်ဖို့အတွက် ပေါင်းဆန်စက်တွေ တိုးချဲ့တည်ဆောက် သွားရမှာ ဖြစ်ပါ တယ်။ ၂၀၁၃ အကုန်မှာ ပေါင်းဆန်စက်အလုံး ၃၀ တိုးမြှင့် တည်ဆောက်သွားမှာ ဖြစ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
ပုဂ္ဂလိကကဏ္ဍမှ ဆန်စပါးလုပ်ငန်းတွင် လုပ်ကိုင်ခွင့် ရရှိလာသဖြင့် ဆန်စက်သစ်များ တည်ဆောက်ခြင်း ၊ ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီလတွင် ဆန်စက်သစ်ပေါင်း ၂၉၃ စက် တိုးချဲ့တည်ဆောက်နိုင်ခဲ့ကြောင်း၊ အသစ်ဆောက်သည့် ဆန်စက်များတွင် စူပါ ၅ နှင့် ၁၀၀ ရာခိုင်နှုန်း ကြိတ်ခွဲနိုင်သည့်စက်မှာ ၂၅ စက်သာ ပါဝင်ကြောင်း၊ စက်စွမ်းအားမှာ တန် ၄၀ နှင့်အထက် ၃၃ စက်သာရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဆက်လက်ပြောကြားခဲ့သည်။
၁၅ တန်နှင့်အထက် စက် ၁၃၆၂ စက် ရှိသော်လည်း တန်းမြင့်ဆန်ကြိတ်ခွဲစက် ၆၄ စက်သာ ရှိသည့်အတွက် အရေအတွက် နည်းပါးနေသေးကြောင်း၊ ဟာလာဆန်စက်ပေါင်း တစ်သောင်းခွဲကျော် ရှိသော်လည်း ၎င်းတို့၏ ကြိတ်အားမှာ ဆန်စက်ကြီးများ၏ နှစ်ဆခွဲ နီးပါးရှိကြောင်းလည်း သိရှိရသည်။

From..EMG

No comments:

Post a Comment