Saturday, June 22, 2013

မူလတန်းအဆင့်တွင် လူ့အခွင့်အရေးသင်ရိုးပြဋ္ဌာန်းရန် ညှိနှိုင်းမည်..

အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ကျောင်းသင်ရိုးမာတိကာတွင် ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းနှင့်သက်ဆိုင်သည့် တွဲဖက်သင်ရိုးညွှန်းတမ်းများ ပြဋ္ဌာန်းရန် ပညာရေး ဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကြားညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း ကော် မရှင်ဥက္ကဋ္ဌ ကပြောသည်။
သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် ကလေးများ အလွယ်တကူနားလည်ရန်၊စကားလုံး အသုံးအနှုန်း များ ပြင် ဆင်ရေးဆွဲရန် ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ဆက်လက်ဆွေးနွေးသွားရန်ရှိကြောင်း၊ ပညာရေး ဝန်ကြီးဌာနက စတင်သင်ကြားမည် ပညာသင်နှစ်ကိုမူ မသိနိုင်သေးကြောင်းသိရသည်။

ပညာရေးဝန်ကြီးဌာနက ပဉ္စမတန်း မှ နဝမတန်း အဆင့်အထိကျောင်းသားများကို ၂၀၀၅-၂၀၀၆ ပညာ သင်နှစ်မှ စတင်ပြီး လူ့အခွင့်အလမ်း ပညာရေး တွဲဖက် သင်ရိုးညွှန်းတမ်း သင်ကြားပေးလျက်ရှိပြီး ယခု၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တတိယတန်းနှင့် စတုတ္ထတန်းအဆင့်ကျောင်းသားများအတွက် စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်တွင် ကလေးအခွင့်အရေးနှင့် ပတ်သက်သော သင်ခန်းစာအချို့ ထည့်သွင်းထားကြောင်းသိရသည်။

အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် မြန်မာ-အင်္ဂလိပ်နှစ်ဘာသာနှင့် ပြန်ဆိုထုတ်ဝေထားသော ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း လက်ကမ်းစာအုပ်သုံးသောင်းခန့်ကို အခြေခံပညာ စာသင်ကျောင်း များ၊ အစိုးရဝန်ကြီးဌာနများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကို ယခုလအတွင်း ဖြန့်ဝေရန် စီစဉ်လျက် ရှိကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

ပထမဆုံး အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို၂၀၁၁ ခုနှစ် စက်တင်ဘာ လ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိ ကဏ္ဍမျိုးစုံမှ လူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင် ၁၅ ဦးနှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

SkyNet TV Browser

No comments:

Post a Comment