Wednesday, June 19, 2013

UNA အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး၊ ၂၀၁၅ ခုနှစ် မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေး

unanld-june19
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA )အဖွဲ့နှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် တို့ တွေ့ဆုံဆွေးနွေးစဉ်
မြန်မာနိုင်ငံ၌ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဇွန် ၁၈ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးမှုအား ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ နံနက် ၁၀ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ ၁ နာရီခွဲကြာ ပြုလုပ်ခဲ့ခြင်းပြီး UNA အဖွဲ့ဝင်များဖြစ်သော ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ မွန်ဒီမိုကရေစီ ပါတီမှ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်း၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန် ပါဝင်ပြီး ကရင်အမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစောဟယ်ရီလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၌ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး အပါအ၀င် တိုင်းရင်းသား အရေးကိစ္စများ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး ကိစ္စများ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စများ၊ လက်ရှိရွေးကောက်ပွဲ စနစ်အား ပြည်သူလူထုမှ မှန်ကန်စွာ မဲမပေးနိုင်သေးသည့်အတွက် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ (PR) စနစ်အား မြန်မာနိုင်ငံတွင် ကျင့်သုံးပါက ပြည်သူလူထု အနေဖြင့် ခက်ခဲရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း စသည်တို့ ပါဝင်သည်ဟု တွေ့ဆုံပွဲ အခြေအနေအား UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
"မြန်မာနိုင်ငံမှာက ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်လို့ မဖြစ်ဘူး။ တည်ဆောက်ဖို့ လိုအပ်တယ်။ ဒါကချက်ချင်းကြီး ဖြစ်နိုင်ဖို့ အလားအလာ နည်းသေးတယ်။ ဒါပေမဲ့လို့ မဖြစ်မနေ ဒါတွေကို တည်ဆောက်ဖို့အတွက် အခုကတည်းက ပြောနေ၊ လုပ်နေ၊ ကြိုးပမ်းနေရမယ် ဆိုတာတွေ ကို ပြောကြပါတယ်။ အဲဒီမှာ အစိုးရ အနေနဲ့က လက်ရှိ အပစ်အခတ် ရပ်စဲရေးလုပ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်တဲ့ အခါမှာ ပင်လုံထက် ကျယ်ပြန့်တဲ့ အစည်းအဝေးတွေ နေပြည်တော်မှာ လုပ်မယ် လို့ ပြော တယ်။ အဲဒီတော့ ဒီဘက်က CRPP အဖွဲ့ဝင် ပါတီတွေကလည်း ၂၁ ရာစု ဒုတိယပင်လုံ ဆိုတာတွေကိုလည်း ပြောတယ်။ ဒါတွေကို ညှိနှိုင်းပြီး ဘယ်လိုတိုင်းရင်းသား အရေး၊ ပြည်ထောင်စု အရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ကို ဘယ်လိုညှိနှိုင်း ဆက်စပ်ဖော်ဆောင် သွားမလဲ ဆိုတာတွေ ဆွေးနွေးဖြစ်ပါတယ်" ဟု UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောကြားသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တွေ့ဆုံမှု၌ အထက်ပါ ကိစ္စရပ်များအပြင် ဗြိတိန်နိုင်ငံ၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လာရောက်ခဲ့စဉ်က တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်သော ကိစ္စအား တဖြည်းဖြည်း လုပ်ဆောင်သွားရမည်ဖြစ်ပြီး လတ်တလောတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ရှေ့နောက်မဆီလျော်ဘဲ ပုဒ်မများ ဆန့်ကျင်ဘက် ဖြစ်နေသည့် အပိုဒ်များကို ဦးစားပေး၍ တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ်များအား လွှတ်တော်ထဲတွင် ပြင်ဆင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် လက်ရှိ မဏ္ဍိုင်ကြီး သုံးခုဖြစ်သော ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်တို့တွင် အုပ်ချုပ်ရေး မဏ္ဍိုင်တွင်သာ အာဏာပေးအပ်ထားမှုများ၊ တရားစီရင်ရေး တွင် အုပ်ချုပ်ရေး ဘက်မှ ၀င်ရောက်စွက်ဖက်မှုကို ပြင်ဆင်ရန် လိုအပ်ကြောင်း လည်း ဆွေးနွေးခဲ့ကြ သည်ဟု ဦးအေးသာအောင်က ဆိုသည်။

From....EMG

No comments:

Post a Comment