Wednesday, June 19, 2013

ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ သိမ်းဆည်းခံ လယ်ယာမြေများပေါ်တွင် လယ်သမားများ ထွန်တုံးတိုက်ပွဲ ပြုလုပ်

farm-june19
သိမ်းဆည်ခံ လယ်မြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲ ပြုလုပ်နေသော လယ်သမား များကို တွေ့ရစဉ် (ဓါတ်ပုံ-ကြည်နိုင်)
ဒဂုံဆိပ်ကမ်း မြို့နယ်၊ ၉၈ ရပ်ကွက်၊ မထားစုကျေးရွာရှိ သိမ်းဆည်းခံ လယ်ယာမြေများပေါ်တွင်
သိမ်းဆည်းခံရသည့် လယ်သမားများက ဇွန် ၁၈ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ထွန်တုံး တိုက်ပွဲ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာရှိ လယ်ဧက ၂၀၀ ကျော်ကို ၁၉၉၅-၁၉၉၆ ခုနှစ်က တပ်မတော် အစိုးရက သိမ်းဆည်း ခဲ့ပြီး ယခုအစိုးရသစ် လက်ထက်တွင် ၎င်းတို့၏ လယ်မြေများ ပြန်လည်ရရှိ လိုမှုကြောင့် ထွန်တုံး တိုက်ပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း လယ်မြေသိမ်း ဆည်းခံရသည့် လယ်သမားများက ဆိုသည်။
မထားစုကျေးရွာမှ လယ်မြေခြောက်ဧက သိမ်းဆည်းခံရသူ ဦးဇော်မင်းထွန်းက "၉၅-၉၆ မှာ လယ်မြေတွေကို အစိုးရကစပြီး သိမ်းတယ်။ ၉၇ မှာ နီးစပ်ရာ လယ်သမားတွေကို ပြန်လုပ်ခိုင်းပြီး အရင်က လုပ်ခဲ့တဲ့ လယ်သမား အများစုကို ပြန်မလုပ်ခိုင်းတော့ဘူး။ အခုလက်ရှိ ဒီလယ်မြေတွေကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ရွှေနဂါးမင်း ကုမ္ပဏီကို နှစ် ၃၀ အငှားစာချုပ်နဲ့ ချပေးထားတာပါ။ သိမ်းထားတဲ့ ဧက ၂၀၀ ကျော်ထဲက ၁၄၁ ဧကကို လယ်သမားတွေကို တစ်ဧက ဆယ်သိန်းနှုန်း နဲ့ ပေးတယ်။ အသိမ်းခံရတဲ့နောက်မှာ ကျွန်တော်တို့က လယ်မရှိတော့တဲ့အတွက် စက်ရုံတွေမှာ နေ့ စားသွားလုပ်ရတယ်။ ပန်းရံနေ့စား လုပ်ရတယ်။ ကျွန်တော်တို့ အဓိက ဖြစ်ချင်တာကတော့ ကိုယ့်လယ် ကိုယ် ပြန် လုပ်ချင်ပါတယ်" ဟု ပြောကြားသည်။
ရွှေနဂါးမင်း ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးသန်းမောင်၊ ဒဂုံဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ၉၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ အဆိုပါ ထွန်တုံးတိုက်ပွဲ ပြုလုပ်သော လယ်ကွင်းများ အတွင်းသို့ ရောက်ရှိ လာပြီး လယ်တဲများကို ဖျက်ပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လယ်သိမ်းခံရသူ ဦးဇော်မင်းထွန်းက "သူတို့က ဒီလယ်တဲကို ဖျက်မပေးရင် တရားစွဲမယ်လို့ ပြောတယ်။ ကျွန်တော်တို့ အကုန်လုံးက မဖျက်ပေးနိုင်ဘူးလို့ ပြောလိုက်တယ်။ တရားစွဲ မယ်ဆိုလည်း စွဲဖို့ပြောလိုက်ပါတယ်" ဟု ပြောကြားသည်။ ထို့ပြင် တစ်ဧကလျှင် ကျပ် ၁၀ သိန်း လျော်ကြေးပေးရာတွင် ယခု ထွန်တုံးတိုက်ပွဲ ပြုလုပ်သော လယ်သမား အိမ်ထောင်စု ၁၃ စု မပါဝင် ခဲ့ချေ။        
"သူတို့တွေက ဒီလယ်ကွက်တွေကို ငါးလပိုင်း လောက်ကတည်းက ခြံခတ်တာတွေ လုပ်ကြတယ်။ ကျွန်တော်တို့ ဒီမနက် ထွန်တုံးတိုက်ပွဲ လုပ်မယ်ဆိုတာသိတော့ ညတွင်းချင်း ခြံဝင်းတံခါးကိုပြီးအောင် ကားမီးထိုးပြီး တပ်ဆင်ကြတယ်။ မနက် ၈ နာရီလောက်ကြတော့ ရွှေနဂါးမင်းက တာဝန်ခံ ဦးကြည်လွင် ကလာပြီး ခင်ဗျားတို့ လယ်ထွန်မယ်ဆိုရင် ဒီလယ်ကွက်တွေရဲ့ အရှေ့ပိုင်းကို လပ်ပါ။ အနောက်ပိုင်းကို မလုပ်ပါနဲ့။ စီမံကိန်း နယ်မြေမို့လို့ပါလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဒီလယ်ကွက်တွေ အကုန်လုံးကို စိုက်ပျိုးမှု မပြီးမချင်း ထွန်တုံးတိုက်ပွဲ ပြုလုပ်သွားမယ်။ သူတို့လယ်တွေကို သိမ်းသွား တုန်းက ကျွန်တော့်မှာ ကျွဲတွေရောင်း၊ နွားတွေရောင်းပြီး နေခဲ့ရတယ်။ နောက်တော့ ကြုံရာအလုပ်လုပ်ပြီး ဘ၀မပျက်အောင် နေရပါတယ်" ဟု လယ်သိမ်းခံ ဦးထွန်းကြည်က ပြောကြားသည်။
အဆိုပါ လယ်ကွက်များကို ရွှေနဂါးမင်း ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ နှစ် ၃၀ အငှားစာချုပ်ဖြင့် တစ်နှစ်လျှင် တစ်ဧက ကျပ် ၂၀၀၀ နှုန်းဖြင့် ငှားရမ်းလုပ်ကိုင် ခွင့် ပြု ထားကြောင်း တောင်ဒဂုံ၊ ၂၄ ရပ်ကွက်  ပွင့်လင်းလူ့အဖွဲ့အစည်း လယ်သမားအရေး ဆောင်ရွက်သူ ကိုမောင်မောင်က ပြောကြားသည်။
From...EMG

No comments:

Post a Comment