ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် မြင်တွေ့လိုပါက
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဗုဒ္ဓ ဘာသာဝင်များက လူနည်းစုမွတ်စလင်များအား
အကြမ်းဖက် နေမှုများကို ရပ်တန့်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက
ဗုဒ္ဓဟူးတွင် ပြောကြားသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့တွင်
ပြောကြားခဲ့ရာ၌ ''မြန်မာနိုင်ငံက တာဝန်ရှိသူတွေအနေနဲ့ လူနည်းစုမတရားခံနေရမှုများအတွက် တရားနည်းလမ်းကျကျ အရေး ယူ ဆောင်ရွက်ပေးဖို့
လိုအပ်နေပါတယ်။ အဲဒီထဲမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို နိုင်ငံသားဖြစ်ခွင့်
ကိစ္စရပ်များလည်း ပါဝင်ပါတယ်'' ဟု ပြောကြားသည်။ ၎င်းက ဆက်လက် ပြောကြားရာတွင်
တာဝန်ရှိသူများ အနေဖြင့် ထိုကဲ့သို့ အရေးယူ ဆောင်ရွက်ရန် ပျက်ကွက် ခဲ့ပါက
ပြုပြင်ပြောင်းလဲမှု များအပေါ် နှေးကွေးစေပြီး နယ်မြေဒေသ တင်းမာမှုများ ကိုလည်း
ဖြစ်ပေါ်စေနိုင် သည်ဟု ပြော ကြား သည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ထုတ်ပြန်ခဲ့ပြီး ထိုဥပဒေအရ
လူမျိုးကြီး ရှစ်မျိုးနှင့် လူမျိုးငယ်အဖွဲ့ ၁၃၀ အား နိုင်ငံသားများအဖြစ်
တရားဝင်သတ်မှတ်ခဲ့သည်။ သို့သော် လူဦးရေ သန်း ၆၀ ရှိသော မြန်မာနိုင်ငံတွင်
လူဦးရေ ရှစ်သိန်းထိရှိသော ရိုဟင်ဂျာ လူမျိုးများကိုမူ နိုင်ငံသားအဖြစ်
အသိအမှတ် မပြုခဲ့ချေ။ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် များသည်
ရိုဟင်ဂျာများအား ဗြိတိသျှတို့ ခေါ်သွင်း လာခဲ့ကြသည့် တရားမ၀င် ခိုးဝင်
ရောက်လာသည့် လူမျိုးများအဖြစ် ရှုမြင်ကြပါသည်။
ယခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများသည်
ရခိုင်ပြည်နယ်၏ မြို့နယ်နှစ်ခုတွင် ရိုဟင်ဂျာများအား ကလေးနှစ်ယောက်ထက်
ပိုမယူရသည့် ဥပဒေ တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ထိုဥပဒေကို မြန်မာ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြစ်တင် ခဲ့သောကြောင့်
မြန်မာနိုင်ငံတွင်းမှ ဗုဒ္ဓဘာသာဝင်များ၏ ပြစ်တင်ရှုတ်ချမှုကို ခံခဲ့ရသည်။
မြန်မာနိုင်ငံသည် စစ်တပ်အာဏာသိမ်းမှု ပြီးနောက် နှစ်ပေါင်း ၅၀ ခန့်အထိ
ကမ္ဘာ့နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုကို ခံခဲ့ရသော နိုင်ငံတစ်နိုင်ငံ
ဖြစ်သည်။ သို့သော် လက်ရှိနှစ်များအတွင်း အတိုက် အခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေး ခဲ့ပြီး
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသောကြောင့် နိုင်ငံများ၏
သတိရှိစွာ ပြန်လည် ကြို ဆိုခြင်းကို ခံခဲ့ရသည်။ အမေရိကန်သမ္မတ
အိုဘားမားသည်လည်း လွန်ခဲ့သည့်နှစ် အာရှခရီးစဉ် တွင် မြန်မာနိုင်ငံသို့
လာရောက် လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အထိမ်းအမှတ်
တစ်ခုဖြစ်ခဲ့သည်။
ဗုဒ္ဓဟူးနေ့တွင် တက်ရောက်လာသော မွတ်ဆလင် ကိုယ်စားလှယ်များက
မြန်မာနိုင်ငံသည် လူနည်းစု များ၏ အခွင့်အရေးကို အကာအကွယ် မပေးနိုင်ပါက
ဒီမိုကရေစီ နိုင်ငံများ၏ အ၀န်းအ၀ိုင်းသို့ ၀င်ရောက်နိုင်မည် မဟုတ်ကြောင်း
ပြောကြားသည်။ ''ရွေးကောက်ပွဲတွေ ကျင်းပပေးရုံနဲ့ မလုံလောက်ပါ ဘူး။ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေကိုလည်း မြန်မာနိုင်ငံအနေနဲ့ ရပ်တန့်ရပါမယ်'' ဟု
ဆော်ဒီ အာရေဗျနိုင်ငံ သံအမတ် AbdallahYahya al-Mouallemi က
သတင်းထောက် များကို ပြောကြားခဲ့ သည်။ ၎င်းကဆက်လက်၍ ရိုဟင်ဂျာများသည်
မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်၊ အလုပ်အကိုင်၊ ခရီးသွားလာရေး၊
ဘာသာရေး လွတ်လပ်ခွင့်များ မရကြောင်းနှင့် နောက် ဆုံး သေဆုံး သည့်
အချိန်တွင် ပင် မြေမြှုပ်ခွင့် မရှိကြောင်း ပြောဆိုခဲ့သည်။ အစ္စလာမ်မစ်
ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ကုလ သံတမန် Roble Olhaye ကမူ ရိုဟင်ဂျာများသည်
ခွဲခြားဆက်ဆံခံရမှုနှင့် လူမျိုးရေး ရှင်းလင်းခြင်း အခြေ အနေတို့တွင်
နေထိုင်နေရသည်ဟု ပြောကြားသည်။
အတွင်းရေးမှူး ဘန်ကီမွန်းသည် သြစတြေးလျ၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊
အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေ၊ ရုရှား၊ စင်ကာပူ၊ ထိုင်း၊ ဗြိတိန်၊
အမေရိကန်၊ ဗီယက်နမ်နှင့် လက်ရှိ ဥရောပသမဂ္ဂ အဖွဲ့ဥက္ကဋ္ဌ လစ်သူယေးနီးယား
နိုင်ငံတို့ပါဝင်သော မြန်မာ့မိတ်ဖက် နိုင်ငံများအဖွဲ့၏ သံအမတ်များနှင့်
တွေ့ဆုံ ချိန်တွင် ယခုကိစ္စနှင့် ပတ်သက်၍ ပြောကြားသည်။
From...EMG
No comments:
Post a Comment