Thursday, July 11, 2013

ရန်ကုန်မြို့တော် သယ်ယူ ပို့ဆောင်ရေးနှင့် လုံခြုံရေး အတွက် အဆင့်မြင့် ကင်မရာများ တပ်ဆင်ကာ စတင်ဆောင်ရွက်

ရန်ကုန်မြို့တော် သယ်ယူ ပို့ဆောင်ရေးနှင့် လုံခြုံရေး အတွက် အဆင့်မြင့် ကင်မရာများ တပ်ဆင်ကာ စတင်ဆောင်ရွက်
ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးအတွက် အထောက်အကူပြုစေမည့် အဆင့်မြင့် ကင်မရာစီစီတီဗွီများတပ်ဆင်ကာ ရန်ကုန်မြို့လယ်ဧရိယာကို  လွှမ်းခြုံကြည့်ရှုသည့် အစီအစဉ်ကို ယခု လမှစတင်ကာ ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီမှစတင်ကာ အဆိုပါအစီအစဉ်ကို စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့လယ်အတွင်း အချက်အချာကျသော နေရာရှိ အဆောက်အအုံ အမြင့်များ၊ မီးပွိုင့်များတွင် အဆင့်မြင့်ကင်မရာ စီစီတီဗွီ အလုံး ၂ဝ ကျော်ကို တပ်ဆင်ကာ စမ်းသပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ယင်းအဆင့်မြင့် ကင်မရာ စီစီတီဗွီများကို ရန်ကုန်မြို့လယ်ဧရိယာအတွင်း တပ်ဆင်ထားမည်ဖြစ်ပြီး  ရန်ကုန်မြို့တော်ခန်းမရှိ ထိန်းချုပ်ကွပ်ကဲရေးစခန်းမှ တစ်ဆင့် ကြည့်ရှုနေမည် ဖြစ်သည်။

ယင်းသို့ ကြည့်ရှုပြီးနောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်ယာဉ်များအား မှတ်တမ်း တင်ခြင်းနှင့် အရေးယူနိုင်ရေးအတွက် နီးစပ်ရာယာဉ်ထိန်းနယ်မြေများ၊ ရဲစခန်းများနှင့် ပေါင်းစပ်ဆောင် ရွက်ခြင်း၊ ယာဉ်ကြောပိတ်ဆို့ကျပ်တည်းနေသည့်နရာများအား ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအမြန်စေလွှတ် ရှင်းလင်းစေခြင်းတို့အပြင် တရားဥပဒေစိုးမိုးရေးကို  ချိုးဖောက်သည့်လုပ်ရပ်များကို တွေ့ရှိပါကလည်း အမြန်ဆုံးထိန်းသိမ်းအရေးယူနိုင်ရေးတို့ကိုဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ရှိသည်ဟုလည်း သိရသည်။

အဆိုပါ အဆင့်မြင့်စီစီတီဗွီ ကင်မရာများကို အလုံး ၁ဝဝ ကျော်အထိ ဆက်လက် တပ်ဆင်သွား မည်ဖြစ်ကာ ထိန်းချုပ်ရေးစခန်းမှ စောင့်ကြည့်မှတ်တမ်း တင်မှုများစတင် နေကြောင်းလည်းသိရသည်။ ယခင်က မီးပွိုင့်များတွင် တပ်ဆင်ထားသည့် စီစီတီဗွီကင်မရာများသည် ဓာတ်ပုံရိုက်ကူး နိုင်သည့် အဆင့် တွင်သာရှိပြီး ယခုတပ်ဆင်ထားသည့် ကင်မရာများသည် အသေးစိတ်ရှုမြင်ကာ ဗီဒီယိုဖိုင်များဖြင့် မှတ်တမ်းတင်နိုင်ခြင်း၊ အသေးစိတ်ဓာတ်ပုံ ရိုက်ကူးနိုင်ခြင်း စသည့် အားသာချက်များ ရှိနေကြောင်း လည်း သိရသည်။
ဇာနည်မောင်

No comments:

Post a Comment