Saturday, July 13, 2013

မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌရာထူး ရယူချိန်တွင် တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ် ရေပိုင်နက် အရေးအား အဓိက ဖြေရှင်းရဖွယ်ရှိ

7.12.7
အာဆီယံ စကားဝိုင်းကို ရန်ကုန်မြို့၌ ဇူလိုင် ၁၂ ရက်က ပြုလုပ်နေသည်ကို တွေ့ရစဉ်
တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းများ ရှိနေသည့် မြန်မာနိုင်ငံ အနေနှင့် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ
ဥက္ကဋ္ဌရာထူး ရယူချိန်တွင် တရုတ်နိုင်ငံနှင့် မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ် စသည့် အာဆီယံ နိုင်ငံများအကြား ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှု ဖြစ်ပွားနေသည့် ပြဿနာအား တာဝန်ယူ ဖြေရှင်း ရဖွယ် ရှိကြောင်း ဇူလိုင် ၁၂ ရက်က နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဂျာမနီနိုင်ငံ ဟန်းဆိုင်ဒယ် ဖောင်ဒေးရှင်း တို့ ပြုလုပ်သည့် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးအတွက် အကြိုဆွေးနွေးမှု ပြုလုပ်သည့် အာဆီယံ စကားဝိုင်းမှ သိရသည်။
''မြန်မာနိုင်ငံ အနေနဲ့ အာဆီယံဥက္ကဋ္ဌ ရာထူးရယူချိန်မှာ တရုတ်နိုင်ငံနဲ့လည်း ဆက်ဆံရေး ကောင်းတွေ ရှိတယ်။ အာဆီယံ ဥက္ကဋ္ဌရာထူးလည်း ရယူထားတဲ့ အချိန်ဆိုတော့ အားလုံးက စိတ်ဝင်တစားေ စာင့်ကြည့် နေကြတယ်။ နောက်ပြီး အခုဖြစ်တဲ့ ပြဿနာက ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းနဲ့ သက်ဆိုင်နေတဲ့အတွက် ကမ္ဘာကလည်း စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ပြဿနာ ဖြစ်နေ ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ပြန်ကြည့်ရမှာက တစ်ဖက်ကအိမ်နီးချင်းတရုတ်၊ တစ်ဖက်က အာဆီယံ မိသားစု ဖြစ်နေတော့ ပြဿနာက မလွဲမသွေ တက်မှာပဲ။ တစ်ခု ကံကောင်းတာက လက်ရှိကာလ မှာ ရေပိုင် နက် အငြင်းပွားမှုတွေ ဖြစ်နေတဲ့ နိုင်ငံတွေ အကြားမှာ တင်းမာမှု လျော့ပါးနေတာပါ'' ဟု သံအမတ် ဦးညွန့်မောင်ရှိန်က ဆိုသည်။
အရှေ့အလယ်ပိုင်း၊ ပစိဖိတ်ဒေသ တောင်ပိုင်း၊ အရှေ့တောင်အာရှ၊ အရှေ့မြောက် အာရှနှင့် မြောက် အမေရိက ဈေးကွက်များအား အဓိက ချိတ်ဆက်ထားသည့် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်း တစ်ခု ဖြစ်နေ သည့် တောင်တရုတ် ပင်လယ်သည် ကုန်သွယ်မှု အချက်အချာ သာမဟုတ်၊ ပင်လယ်အတွင်း ခိုဝင်နေသည့် ရေနံသိုက် ပမာဏမှာလည်း 17 Billion Barrels ရှိနိုင်သည်ဟု ပညာရှင်များ ခန့်မှန်းတွက်ချက် ထားသည့်အတွက် ကူဝိတ်နိုင်ငံ၏ ရေနံသိုက် ပမာဏထက် လေးဘီလျံကျော် များပြားနေပြီး ငါးသယံဇာတလည်း ပေါများနေခြင်းအတွက် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ အကြား အငြင်းပွား မှုများ ဖြစ်ပွားနေပြီး မဟာဗျူဟာ လေ့လာသူများ၏ ပြောကြားချက်အရ အာရှ၏ နိုင်ငံအချင်းချင်း စစ်မက်ဖြစ်ပွား နိုင်ခြေရှိသော နေရာဖြစ်ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံ အနေနှင့် တောင်တရုတ် ပင်လယ်အား ၈၅ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်သည် ဆိုသော်လည်း ခိုင်မာသည့် အထောက်အထား ပြသနိုင်မှု မရှိသည့်အတွက် နိုင်ငံတကာ ရေပိုင်နက် တရားရုံးသို့ တရုတ်နိုင်ငံ အနေဖြင့် တက်ရောက်လိုသည့် ဆန္ဒမရှိ ဖြစ်နေကြောင်းလည်း ဦးညွန့်မောင်ရှိန်က ဆိုသည်။
ထိုသို့ ခိုင်မာမှု မရှိသည့် အငြင်းပွားမှု များအပြင် ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံများနှင့် စစ်ရေးဆိုင်ရာ တင်းမာမှုများကြောင့် လက်ရှိ ကာလတွင် တရုတ်နိုင်ငံ အနေဖြင့် ၂၀၀၂ ခုနှစ်တွင် အာဆီယံ နိုင်ငံများနှင့် သဘောတူညီခဲ့သည့် တောင်တရုတ် ပင်လယ်အတွင်း ပါဝင်သူများ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်သည့် ကြေညာချက် (Declaration of Conduct of Parties on the South China Sea) ပါ အငြင်းပွားမှုအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ဦးတည်နိုင်ဖွယ် ရှိကြောင်းလည်း ဦးညွှန့်မောင်ရှိန်က သုံးသပ် သည်။
''အာဆီယံ လေးနိုင်ငံနဲ့ ဖြစ်နေတဲ့ ရေပိုင်နက် အငြင်းပွားမှု ပြဿနာကို ဖိအားပေးလိုက်ရင် အမေရိကန်နိုင်ငံ ပါလာမှာကို တရုတ်နိုင်ငံ အနေနဲ့ စိုးရိမ်နေသလို တရုတ်နိုင်ငံနဲ့ အာဆီယံ ဆက်ဆံမှုရဲ့ (၁၀)နှစ်မြောက် ဖြစ်နေတော့ တရုတ်နိုင်ငံ အနေနဲ့ ဆက်ဆံရေးကောင်း လိုချင်တယ် ဆိုတဲ့ အနေအထားမှာ ရှိတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဒီပြဿနာကို ဖြေရှင်းမယ်ဆိုရင် တစ်နိုင်ငံတည်းကို တစ်ဖက်သတ် ဖိအားမပေး ဖို့၊ အင်အားမသုံးဖို့ အပြင် အငြင်းပွားနေတဲ့ နိုင်ငံတွေ အကြားမှာ နားလည်မှု တည်ဆောက်နိုင်အောင် လုပ်တာမျိုး လုပ်ရမယ်'' ဟု ဦးညွန့်မောင်ရှိန်က ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် အာဆီယံ မိသားစုများ အကြား အငြင်းပွားမှု ဖြစ်ပွားပါက အာဆီယံ နိုင်ငံများသို့သာ ဦးစားပေး ဖြေရှင်းရမည် ဖြစ်ကြောင်း အာဆီယံ လေ့လာရေး ဌာနမှ သုတေသီ ဒေါ်မိုးသူဇာက အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားသည်။

From...EMG

No comments:

Post a Comment