Saturday, July 13, 2013

တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် အကြောင်းပေါ်ပါက ပွင့်လင်းစွာဖြင့် တွေ့ဆုံဖြေရှင်းရန် အပါအ၀င် သဘောတူညီချက် ငါးချက်ကို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် '၀' သွေးစည်း ညီညွတ်ရေး ပါတီတို့ သဘောတူ

7.12.16
'၀'သွေးစည်း ညီညွတ်ရေး တပ်မတော်မှ တပ်ဖွဲ့ဝင်များအား ကျိုင်းတုံမြို့တွင် ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- နေထွန်းနိုင်)
တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် အကြောင်းပေါ်ပါက ပွင့်လင်းစွာဖြင့် အချိန်မဆိုင်း ဆွေးနွေးရန်
အပါအ၀င် သဘောတူညီချက်ငါးချက်ကို အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် '၀'သွေးစည်း ညီညွတ်ရေးပါတီ (UWSP) တို့အကြား သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် '၀' သွေးစည်း ညီညွတ်ရေးပါတီ (UWSP) တို့ ဇူလိုင် ၁၂ ရက်တွင် ကျိုင်းတုံမြို့ရှိ ရွှေတြိဂံတိုင်း စစ်ဌာနချုပ်၌ ဆွေးနွေးခဲ့ပြီးနောက် ယင်းသို့ သဘော တူညီခဲ့ကြခြင်း ဖြစ်ပါသည်။
''ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် ကိုယ်တို့ဘယ်လိုလမ်းစဉ်တွေနဲ့ သွားကြမလဲ ဆိုတာ ဆွေးနွေးတာပါ။ နောက်ပြီး ဒီကြားထဲမှာ ရှိနေတဲ့ တချို့ အခက်အခဲ လေးတွေ လည်း ပြေ လည်အောင် ဖြေရှင်းပေးနိုင်ခဲ့တယ်။ အောက်ခြေဆိုတာက တစ်ခါတလေ ဖြစ်တတ်တဲ့ သဘောလေးတွေ ရှိတတ်ပါတယ်။ ဖြစ်တတ်တဲ့သဘော သဘာဝလေးတွေကို ဘေးကနေပြီး ပြောလာတဲ့ အခါကျတော့ ကြီးကျယ်သွားမှာစိုးပြီး ညီအစ်ကို စိတ်ဓာတ်နဲ့၊ မိတ်ဆွေရင်းချာ စိတ်ဓာတ်နဲ့ အကုန်လုံး အားလုံးဆောင်ရွက် နိုင်ခဲ့ပါတယ်''ဟု ဆွေးနွေးပွဲအပြီး ည ၇ နာရီအချိန်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်က The Daily Eleven သို့ ပြော ကြားခဲ့သည်။
ထို့အပြင် '၀'တောင်ပိုင်း ဒေသနှင့် ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့သော ပြဿနာ အားလုံးကို လည်း ပြေ လည်အောင် ဖြေရှင်းနိုင်ခဲ့ကြောင်း ဦးသိန်းဇော်က ပြောကြားသည်။
''အားလုံး အဆင်ပြေပါတယ်။ အခက်အခဲ မရှိပါဘူး။ လူချင်းမတွေ့ခင်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် အထင်မှားအမြင်မှား ရှိတာပေါ့။ လူချင်းတွေ့ဆုံ ဆွေးနွေးလိုက်တဲ့ အခါကျတော့ ဒါတွေဟာ ဘာမှခက်ခဲ ကြီးမားတဲ့ အရာတွေ မဟုတ်ပါဘူး'' ဟု ဦးသိန်းဇော်က ပြောပါသည်။ စစ်ရေးတင်းမာမှု ဖြစ်ရသည့် အကြောင်းရင်းများထဲတွင် '၀'တောင်ပိုင်း ဒေသရှိ '၀' တပ်စခန်းများကို တပ်မတော်မှ ဆုတ်ခွာခိုင်းခဲ့ပြီး '၀'ဘက်မှ ဆုတ်ခွာခြင်း မရှိခဲ့သည့်အတွက် တပ်မတော်မှ ၀ိုင်းထားခဲ့ခြင်းမှာ အချက်တစ်ချက် ဖြစ်ခဲ့သည်။ ယခု ဆွေးနွေးပွဲတွင် ထိုကိစ္စရပ်များကို ဖြေရှင်းနိုင်ခဲ့သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က The Daily Eleven သို့ဆိုသည်။
7.12.17
UWSP ၏ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ဦးပေါက်ယိုလျံ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ '၀'သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၏ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဦးကျောက်ကော့အန်းတို့အား တွေ့ဆုံဆွေးနွေး သဘောတူညီမှု ရအပြီး ညစာစားပွဲ၌ တွေ့ ရစဉ်(ဓာတ်ပုံ-နေထွန်းနိုင်)
''အဲဒါတွေအားလုံး ပြေပြစ်သွားပြီ။ ညီအစ်ကိုလို နေခဲ့တဲ့အတွက် အခုလည်း ညီအစ်ကိုလိုပဲ။ နောင်လည်း ညီအစ်ကိုလိုပဲ။ '၀' တပ်မတော်နဲ့ ကိုယ်တို့ တစ်ယောက်နဲ့ တစ်ယောက် ဘာမှသံသယလည်း မရှိဘူး။ အာဃာတလည်း မရှိဘူး။ဘာမှ အငြိုးအတေးလည်း ရှိတာမဟုတ်ဘူး။ သူဝိုင်း၊ ကိုယ်ဝိုင်းဆိုတာက ဒါတွေက အောက်ခြေမှာ အထင်မှားလို့ ဖြစ်တတ်တဲ့ သဘောလေးတွေရှိတယ်'' ဟု ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ပြောကြားသည်။
ယနေ့ဆွေးနွေးပွဲသည် ရလဒ်ကောင်းကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော '၀' ခေါင်းဆောင်များက စကားပြန်မှ တစ်ဆင့် ပြောကြားခဲ့ပြီး သီးခြားမှတ်ချက် ပေးရန်ကိုမူ ငြင်းဆန်ခဲ့သည်။
''တောင်ပိုင်းကိစ္စက ပြေလည်သွားပါပြီ။ နောက်တစ်ဆင့် ဆွေးနွေးစရာတွေတော့ ရှိပါသေးတယ်။ ဆက်ပြီး ဆွေးနွေးသွားပါမယ်'' ဟု UWSP ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောကြားသည်။
UWSP ကိုယ်စားလှယ်အဖွဲ့ကို '၀' သွေးစည်း ညီညွတ်ရေး ပါတီ၏ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ၊ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ဦးကျောက်ကော့အန်းက ဦးဆောင်ခဲ့ပြီး အမြဲတမ်း ဗဟိုကော် မတီဝင်နှင့် ပေါ်လစ် ဗျူရိုအဖွဲ့ဝင် ဦးပေါက်ယိုလျံ၊ '၀'တောင်ပိုင်းဒေသ မဟာဗျူဟာမှူး ဦးဝိန့်ရွှေယင်တို့က ဦးဆောင်ခဲ့ကာ အဖွဲ့ဝင် ၁၉ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလအတွင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယွန်းမြို့နယ်ခွဲရှိ UWSA ပိုင် ရော်ဘာခြံတစ်ခြံကို လာရောက်သိမ်းပိုက်သည့် အချိန်မှစ၍ နှစ် ဖက်တပ်များအကြား တင်းမာခဲ့ကြောင်း၊ ထိုအချိန်တွင် တာချီလိတ် ခရိုင်အတွင်း ရှမ်းတိုင်းရင်းသားတစ်ဦး အသတ်ခံရခြင်း၊ ယခုလပိုင်းအတွင်း ရှမ်းပြည်နယ် တောင်ပိုင်းတွင်ရှိသော UWSA တပ်စခန်းများကို စာရင်းပြုစု တင်ပြရန်နှင့် တပ်စခန်းအချို့ ဆုတ်ခွာပေးရန် တပ်မတော်ဘက်မှ တောင်းဆိုမှုများ ရှိခဲ့ခြင်းနှင့် ဆုတ်ခွာမပေးသည့် '၀' တပ်စခန်း အချို့ကို တပ်မတော်မှ ၀ိုင်းခဲ့ခြင်း အစရှိသည်တို့ကြောင့် စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
''သေနတ်တစ်ချက်မှ မဖောက်ရသေးခင် ပြေလည်အောင် ဆွေးနွေးနိုင်ခဲ့တာဟာ တော်တော် ကောင်းပါတယ်'' ဟု ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဆိုသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် '၀' သွေးစည်း ညီညွတ်ရေး ပါတီတို့ တွေ့ဆုံခဲ့ပြီးနောက် နှစ်ဖက်သဘောတူ ထုတ်ပြန်ခဲ့သော ကြေညာချက်
၁။ ယခင်ပြည်နယ် အဆင့်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ သဘောတူညီချက် များအား နှစ်ဖက်စလုံးမှ ဆက်လက် အလေးထား လိုက်နာဆောင်ရွက်သွားမည်။
၂။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် '၀'အထူးဒေသ(၂) တို့အကြား လက်ရှိတည်ဆောက်ပြီး ဖြစ်သော နားလည်မှု၊ ယုံကြည်မှုနှင့် ငြိမ်းချမ်းရေး အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ပြီး အပြုသဘောဆောင်သော ညှိနှိုင်းဆွေးနွေးမှုများဖြင့် ထာဝရငြိမ်းချမ်းရေး ရသည် အထိ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်။
၃။ တပ်မတော်နှင့် UWSA တို့အကြား တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အကြောင်း ပေါ်ပေါက်လာပါက  အပြုသဘောဆောင်သော နည်းလမ်းကောင်းများကို အခြေခံ၍ ပွင့်လင်းမြင်သာစွာ အမြန်ဆုံး တွေ့ဆုံညှိနှိုင်း ဖြေရှင်းမည်။
၎။ '၀'အထူးဒေသ (၂) သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခုဖြစ်သည့် အားလျော်စွာ နိုင်ငံတော်အား သွေးကွဲစေခြင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း စသည်တို့ကို လုံးဝပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးအတွက် '၀' အထူးဒေသ (၂) ၏ စွမ်းရည်များကို လှူဒါန်းပေးဆောင် သွားမည်။
၅။ '၀' အထူးဒေသ (၂) ၏ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်း စဉ်များအား ပြည်ထောင်စု အစိုးရနှင့် '၀'အထူးဒေသ(၂) တို့ အပြန်အလှန် ပူးပေါင်း ကူညီ ဆောင် ရွက်မည်။

From...EMG

No comments:

Post a Comment