Tuesday, July 23, 2013

အင်းယားလမ်းရှိ ဖက်ရှင်ဆိုင် တစ်ဆိုင်မှ ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိ အထည်များ ဖောက်ထွင်းခိုးယူမှုတွင် ပါဝင်ကျူးလွန်ခဲ့သူ သုံးဦးကို ဖမ်းမိ

ကမာရွတ်မြို့နယ် အင်းယားလမ်းရှိ ဖက်ရှင်ဆိုင် တစ်ဆိုင်၌ ဇူလိုင် ၂၁ ရက်က ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိ အ၀တ်အထည်များ ဖောက်ထွင်းခိုးယူ ခံရမှုမှ ကျူးလွန်သူများအနက် သုံးဦးကို ဇူလိုင် ၂၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီခန့်တွင် ကုန်းမြင့်ရိပ်သာလမ်း၊ ၆ ရပ်ကွက်၊ မရမ်းကုန်း မြို့နယ်နေ ဒေါ်နီလာမြင့် (၄၀)နှစ်သည် ၎င်းပိုင်ဆိုင်သည့် ကမာရွတ်မြို့နယ်၊ ၁၀ ရပ်ကွက်၊ အင်းယား လမ်းရှိ MIB ဖက်ရှင်ဆိုင်အား ဖွင့်လှစ်ရန်သွားရာ ဆိုင်ကိုသော့ခတ် ထားခဲ့သော သံပန်းတံခါး သော့နှင့် အတွင်းမှတ် တံခါးသော့မှာ ပျက်စီးနေကြောင်း သိရသဖြင့် ဆိုင်အတွင်းသို့ ၀င်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ၀င်ရောက် စစ်ဆေးကြည့်ရာ စုစုပေါင်းကျပ် ၇၂၉ သိန်းကျော် တန်ဖိုးရှိ ဖိနပ်၊ အင်္ကျီ၊ ဘောင်းဘီ၊ ခါးပတ်၊ ဖုန်းတို့ ပျောက်ဆုံးလျက် ရှိကြောင်း တွေ့ရှိခဲ့ရသည်။
ထိုသို့ ဖောက်ထွင်းခိုးရခံရမှုကို ကမာရွတ်မြို့နယ် မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ပြီး ကမာရွတ် ရဲစခန်းက (ပ) ၃၂၆/၁၃ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ယင်းနောက် အဆိုပါအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း သတင်းစုံစမ်း ဆောင်ရွက်ခဲ့ရာ အမှုကျူးလွန်သူများ ဖြစ်သည့် သာကေတမြို့နယ်နေ ဝေဠု(ခ)နေ၀င်း၊ ရာဂျား(ခ)အေးလွင်နှင့် ဒလမြို့ နယ်နေ စိန်သိုက်(ခ)ဘာဘူတို့အား ဖမ်းဆီးရမိခဲ့ပြီး ကျန်ကျူးလွန်သူများ ဖြစ်သည့် ကြွက်မြီး (ခ) ကျော်မြင့် ၊ ပဲဖောနှင့် ကျားကြီး(ခ)မျိုးဌေးမောင် တို့သုံးဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကမာရွတ် မြို့မရဲစခန်း တာဝန်ကျ တာဝန်မှူး တစ်ဦးက ''ဖမ်းမိ တာကတော့ တိုင်းကဖမ်းမိတာပါ။ ကျွန်တော်တို့ နယ်မြေရဲစခန်းကို လွှဲပြောင်းခြင်း မပြုသေးလို့ ဘာမှပြောလို့ မရသေးပါဘူး'' ဟု ပြန်လည် ဖြေကြားသည်။
အဆိုပါ ဖောက်ထွင်းခံရသည့်ဆိုင်မှ အစုရှယ်ယာ ပိုင်ဆိုင်သူ တစ်ဦးက ''ဒီလိုမျိုး လမ်းအနေထားမှာ ခုလိုမျိုး ဖောက်ထွင်းမှုက မဖြစ်သင့်ဘူးလို့ ထင်တာပဲ။ အများသိတဲ့ အတိုင်းပဲ။ ဒီလိုနေရာတွေဆိုတာ လူသွားလူလာ မပြတ်ဘူး။ အခုဆို ပတ်ဝန်းကျင်ကပါ ထိတ်လန့်နေပြီ'' ဟု ပြောကြားသည်။

From....EMG

No comments:

Post a Comment