Wednesday, July 3, 2013

လက်နက်အစိတ်အပိုင်းများ မှောင်ခိုသယ်ဆောင်သည့် ယာဉ်နှစ်စီးဖမ်းမိ

လက်နက်မှောင်ခို ရောင်းဝယ်ရာတွင် အသုံးပြုသည့် ကားနှစ်စီးကို လက်နက်ဆက်စပ် အစိတ်အပိုင်း များနှင့် အတူ စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၂၇ ရက်က စစ်ကိုင်းမြို့မ
ရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေ မြို့မရဲစခန်းမှူးတာဝန် ဆောင်ရွက်နေစဉ် လက်နက်မှောင်ခို ရောင်းဝယ်ပြု လုပ်သည့် ကားနှစ်စီး စစ်ကိုင်းမြို့ နန်းတော်ရာရပ်ကွက်ရှိ ကားဝပ်ရှော့တွင် ကားပြင်ရန်ရောက် ရှိနေကြောင်း သတင်းအရ ရဲစခန်းမှရဲအုပ်ဌေးဝင်းနိုင်၊ နယ်ထိန်းတပ်ကြပ်ကြီး မောင်မောင်စိုး၊ တပ်ကြပ်ကြီး ကျော်စိန်မြင့်၊ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မန်ခိုလျန်း မောင်းနှင်သော ၃ခ/... ပါဂျဲရိုး နက်ပြာရောင်ကားနှင့် ပေါင်လျန်နန်း (ခ) လျန်ပို့ မောင်းနှင်သော ၄င/... ပါဂျဲရိုး နက်ပြာရောင် ကားနှစ်စီးကို ယာဉ်မောင်းများနှင့်အတူ ယာဉ်ပေါ်ပါသူ သိန်းအောင်တို့အား လက်ကိုင် ဂြိုဟ်တုဖုန်း တစ်လုံး၊ ရိုးရိုးလက်ကိုင်ဖုန်း နှစ်လုံးတို့နှင့်အတူ မသင်္ကာဖွယ် တွေ့ရ၍ ကား များကို ရဲစခန်းသို့ မောင်းယူလာပြီး စစ်ဆေးခဲ့သည်။ ရဲစခန်းတွင် သက်သေများနှင့် အတူ စစ်ဆေးရာ ၄င်းတို့ထံ မှရရှိသည့် ဂြိုဟ်တုဖုန်းအတွင်းမှ နိုင်ငံခြားနှင့် ဆက်သွယ်သည့် ဖုန်းနံပါတ်များ၊ လက်နက် မျိုးစုံကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံတို့ကို တွေ့ရှိရသည်။ ဆက်လက်စစ်ဆေးရာတွင် လွန်ခဲ့သော ၁ဝ ရက်ခန့်က အေကေ ၆၇၊ အမ် ၁၆ ၉မမ ပစ္စတိုနှင့်ကျည်များ တရုတ်နိုင်ငံမှ ဝယ်ယူပြီး ကလေး-တမူး မှတစ်ဆင့် အိန္ဒိယနိုင်ငံ မိုရေးမြို့သို့ ရောင်းချခဲ့ကြောင်း ထွက်ဆိုသဖြင့် ယာဉ်နှစ်စီးကို ရှာဖွေ စစ်ဆေး ရာ မောင်းပြန်ရိုင်ဖယ်များတွင် မှန်ပြောင်းတပ်ရာ၌ အသုံးပြုသော အရှည်တစ်ပေရှိ L-ကီးဆိုက်စုံ ၂ဝ၊ ဝါရှာပြားနှင့် နတ်တို ငါးခု၊ သေနတ်ပြောင်း တပ်ဆင်ရာတွင် အသုံးပြုသည့် အလျား ၁၁ စင်တီမီတာ၊ အနံ ငါးစင်တီမီတာ ရွေ့လျားချိန်စက် အောက်ခံနှစ်ခု၊ အလျား ၅ ဒသမ ၅ စင်တီမီတာ၊ အနံ နှစ် စင်တီမီတာရှိ မှန်ပြောင်း ရွေ့လျားချိန်စက် အောက်ခံနှစ်ခု၊ မှန်ပြောင်း တိုက်ချွတ်ရာတွင် အသုံးပြုသည့် အဝါရောင် ပိတ်စခြောက်ခုတို့ကို ၃ခ/...ယာဉ်၏ ယာဉ်မောင်းခုံ နောက်ကြောအောက်မှ တွေ့ရှိရ၍ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။ လက်နက်နှင့် ဆက်စပ်သော အစိတ်အပိုင်းများ တွေ့ရှိရပြီး လက်နက်မှောင်ခို ရောင်းဝယ်သည့် မန်ခိုလျန်း (ခ) ခိုလျန် (၃၇နှစ်) ထန်ဇန်းရွာ တီးတိန်မြို့နယ် ချင်းပြည်နယ်နှင့် ပေါင်လျန်နန်း (၃၂နှစ်) တန်ခွန်ရွာ တီးတိန်မြို့နယ်နေသူ သိန်းအောင် (၄၂နှစ်) အမှတ်(၂) ချမ်းမြသာစည် မန္တလေးတို့အား ပုဒ်မ(ပ) ၂၉၅/၂ဝ၁၃၊ ပုဒ်မ ၁၉(စ)အရ အမှုဖွင့် အရေးယူသည်။ ထို့အပြင် ဒုရဲမှူး ဦးသိန်းဆွေက တရားလိုပြုလုပ်၍ ၄င်းတို့လက်ဝယ်မှ ဂြိုဟ်တုဖုန်းကို အသုံးပြု၍ လက်နက်ရောင်းဝယ်သော လုပ်ငန်းလုပ်ကိုင်ခဲ့သည့်အတွက် အီလက်ထရွန်နစ် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃ ဖြင့် အမှုဖွင့်ထားသည်။ အလားတူ မြို့နယ်လဝက ဦးစီးမှူး ဦးပေါ်ဇော်ခိုင်က တရားလိုပြုလုပ်ပြီး မှတ်ပုံတင်အတုများ ကိုင်ဆောင်ကြသည့် ပေါင်လျန်နန်းအား (ပ)၃ဝဝ/၂ဝ၁၃၊ ပုဒ်မ ၄၂ဝ/၄၆၈ ဖြင့်လည်းကောင်း၊ မန်ခိုလျန်းအား (ပ) ၃ဝ၁/၂ဝ၁၃၊ ပုဒ်မ ၄၂ဝ/၄၆၈ တို့ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

From....ခေတ်လူငယ်

No comments:

Post a Comment