Wednesday, July 17, 2013

သမိုင်းခုံးတံတားအနီးရှိ ဗဟိုလမ်းနှင့် သမိုင်းဘူတာရုံလမ်းတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွား

naturalgas-july17
သမိုင်းဘူတာရုံလမ်းတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်နေသည့် နေရာကို ဇူလိုင် ၁၆ ရက် နံနက် ၉ နာရီခန့်က တွေ့ရစဉ် (ဓါတ်ပုံ-မျိုးမင်းထက်)
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းခုံးတံတား အနီးရှိ ဗဟိုလမ်းနှင့် သမိုင်းဘူတာရုံ လမ်းတို့တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သမိုင်းခုံးတံတားအောက် သမိုင်းဘူတာရုံလမ်း၌ နေရာနှစ်ခုတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်နေမှုမှာ ပြီးခဲ့သော ဇူလိုင် ၁၄ ရက်က စတင်ဖြစ်ပွားနေကြောင်း ယင်းအနီးတွင် နေထိုင်သူ ကိုအောင်မင်းသန်းက ပြောကြားသည်။
ထို့နောက် သမိုင်းခုံးတံတား အနီးရှိ ဗဟိုလမ်းတွင်လည်း ဇူလိုင် ၁၅ ရက် ည ၁၂ နာရီခန့်တွင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ဂတ်စ်ယို့စိမ့်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ယင်းအနီးတွင် နေထိုင်သူ များ၏ ပြောပြချက်အရ သိရသည်။
"ဂတ်စ်နံ့က အရမ်းနံတယ်။ အနံ့ရနေတာတော့ တစ်ပတ်လောက်ရှိပြီ။ မီးကလည်း အန္တရာယ်ရှိတယ်။ လမ်းသွားလမ်းလာတွေ ဆေးလိပ်မီးတို ပစ်ချသွားမှာ စိုးရိမ်ရတယ်။ နေရတာတော့ သတိထားနေ ရတယ်" ဟု သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်နေသည့် နေရာအနီးတွင် နေထိုင်သူ ကိုမျိုးဇော်က ပြော ကြားသည်။
အဆိုပါ ယိုစိမ့်နေသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် အင်းစိန်ရွာမမှ သမိုင်းထိန်း/ဖြန့်စခန်းသို့ ဂတ်စ်ပို့ပေးသော ပိုက်လိုင်းဖြစ်ကြောင်း ယင်းဖြစ်ပွားမှုနေရာသို့ ရောက်ရှိလာသည့် စွမ်းအင်ဝန်ကြီး ဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရွှေပြည်သာထိန်း/ဖြန့်စခန်းမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။
"အခုပေါက်နေတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို အစားထိုး လဲလှယ်ပြီး အသစ်ထပ်ဆင် သွားမှာပါ။ လမ်းကြောင်းတွေ ပိတ်ဆို့မှု ဖြစ်မှာစိုးတဲ့အတွက် ပိုက်လိုင်းကို မပြုပြင်တော့ဘဲ အသစ်တပ်သွားမှာပါ" ဟု အထက်ပါ တာဝန်ရှိသူက ထပ်မံပြောကြားခဲ့သည်။
လက်ရှိတွင် ဂတ်စ်ယို့စိမ့်နေသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအား တာဝန်ယူ ပြင်ဆင်နေသည့် ကိုစိုးလှိုင်က "အခုပေါက်သွားတဲ့ ပိုက်က ၆ လက်မပိုက် ဖြစ်ပါတယ်။ အဲဒါကို အသစ်လဲဖို့အတွက် အခုလုပ်နေပါတယ်။ ပြီးဖို့အတွက် တစ်ပတ်လောက် ကြာမယ်။ အခုပိုက်လိုင်းမှ သဘာဝ ဓာတ်ငွေ့ ပေး ပို့နေမှုကို ခဏပိတ်ထားတယ်။ အဓိကက လမ်းသွားလမ်းလာတွေ ရဲ့ ဆေးလိပ် မီးပွား ကျမှာပဲ စိုးရိမ်ရတယ်" ဟု ပြောကြားသည်။

From....EMG

No comments:

Post a Comment