Sunday, July 14, 2013

မြိတ်ကျွန်းစုတွင် ပင်လယ်ရေမှော်များကို ကိုရီးယား နိုင်ငံမှတစ်ဆင့် မှာယူကာ ထိန်းသိမ်းလျက်ရှိ

seaweed-july14
မြိတ်ကျွန်းစုအတွင်း ရှားပါးပျောက်ကွယ်လာနေသည့် ပင်လယ်ရေမှော်များကို လိုင်းတန်းနည်းဖြင့် စိုက်ပျိုးထားသည်ကို တွေ့ရစဉ်
မြိတ်ကျွန်းစုအတွင်း ရှားပါးပျောက်ကွယ် လာနေသည့် ပင်လယ်ရေမှော်များကို ပြန်လည်မျိုးထိန်းထားရန် ကိုရီးယားနိုင်ငံမှတစ်ဆင့် မှာယူကာ ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။
မြိတ်ကျွန်းစုအတွင်း စိုက်ပျိုးထားသော ပင်လယ်ရေမှော် (Seaweed) များမှာ အပင်အနာကျခြင်းနှင့် သက်တမ်း ကုန်လာခြင်းများကြောင့် တဖြည်းဖြည်း ရှားပါးလာနေပြီး စိုက်ပျိုးသူများအတွက် အခက်တွေ့ လျက်ရှိကြောင်း သိရသည်။
အပင်အနာကျခြင်းနှင့် ရေမှော်များ သက်တမ်းကုန်လာခြင်းကြောင့် ပြန်လည်စိုက်ပျိုးရန် အပင်များ မရှင်သန်တော့ဘဲ မျိုးများရှားပါးလာပြီး ရေမှော်စိုက်ပျိုးသူများမှာ လုပ်ငန်းရပ်နားခြင်းများ ရှိခဲ့ကြောင်း သိရသည်။ "အခု မိုးတွင်းမှာ ပင်လယ်ရေမှော်တွေကို ပြန်လည်ထိန်းသိမ်းထားဖို့ ကိုရီးယားနိုင်ငံ ကနေ ရေမှော်မျိုးတွေကို မှာယူပြီး မြိတ်ကျွန်းစုအတွင်းမှာ စိုက်ပျိုးထားပါတယ်။ အရင်ရှိရင်း စွဲဖြစ် တဲ့ ရေမှော်မျိုးတွေက သက်တမ်းကုန်လာတာကြောင့် အဓိက သေဆုံးသွားတာ ဖြစ်ပါတယ်။ အခု အညိုရောင်မျိုးတွေကို လိုင်းတန်း ၄၀၀ ခန့် စိုက်ပျိုးထားပါတယ်။ မိုးကုန်ရင် ရေမှော်စိုက်ပျိုးသူတွေကို အခမဲ့ ဖြန်ပဝေပေးသွားမှာပါ" ဟု ကျွန်းစုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်မှူး ဦးသိန်းနိုင်က ပြော ကြားခဲ့သည်။
ပင်လယ်ရေမှော်များမှာ မြန်မာနိုင်ငံ၏ ရှိရင်းစွဲမျိုးများ မဟုတ်ဘဲ လွန်ခဲ့သည့် ရှစ်နှစ် ခန့်မှ မြန်မာ့ရေပြင်တွင် စိုက်ပျိုးရန် သင့်မသင့် ဂျပန်ပညာရှင်များမှ လာရောက်စမ်းသပ်ခဲ့ရာ စီးပွားဖြစ် စိုက်ပျိုးနိုင်သည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ ယခုလက်ရှိ ကိုရီးယားနိုင်ငံ အခြေစိုက် (MSC) ကုမ္ပဏီမှ ဒေါ်လာသန်းချီကာ လာရောက်ရင်းနှီး မြှုပ်နှံထားပြီး ရေမှော်စိုက်ပျိုးသူများအား နည်းပညာများ၊ အထောက်အကူ ပစ္စည်းများ ပံ့ပိုးပေးထားကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်များက မြိတ်ကျွန်းစုအတွင်း တွင်ကျယ်စွာ စိုက်ပျိုးခဲ့သည့် အစိမ်းရောင် မျိုးများမှာ ပျောက်ကွယ်နေပြီဖြစ်ပြီး ယခုမျိုးထိန်းထား သည်မှာ အညိုရောင်မျိုးများဖြစ်ကြောင်း သိရသည်။ "လာမယ့်နှစ်မှာတော့ ဒုဝန်ကြီးက အထူးစီမံကိန်း အဖြစ် အကောင်အထည်ဖော်ပြီး ဧက ၃၀၀ ကျော် မွေးမြူနိုင်ဖို့ လမ်းညွှန်ထားပါတယ်။ ကုမ္ပဏီနှင့် ရေမှော်စိုက်ပျိုးသူတွေကြားမှာ လိုအပ်ချက်တွေရှိပြီး ဌာနအနေနှင့် ဆောင်ရွက်ပေးနိုင်တဲ့ အပိုင်းအလိုက် လုပ်ဆောင်ပေးသွားမှာပါ။ အခုမျိုးထိန်းထားတာကို ကုမ္ပဏီနှင့် လုပ်ငန်းရှင် ၁၀ ဦးလောက် က ထိန်းသိမ်းထားပြီး လိုင်စင်ကိစ္စ၊ သက်တမ်းတိုတာတွေ၊ စိုက်ပျိုးသူတွေရဲ့ လိုအပ် ချက်တွေ ကို ဌာန အနေနှင့် ဆောင်ရွက်ပေးသွားမှာပါ" ဟု ဦးသိန်းနိုင်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရေမှော်စိုက်ပျိုးရာသီက ပင်လယ်ရေမှော် အခြောက်များကို တစ်ကီလိုလျှင် ကျပ် ၆၅၀ နှုန်းဖြင့် ဈေးပေါက်ခဲ့ပြီး ကိုရီးယားကုမ္ပဏီမှ ပြန်လည်ဝယ်ယူလျက်ရှိကြောင်း သိရသည်။ ပင်လယ်ရေမှော်များမှာ ဈေးကွက်အတွင်း ၀ယ်လိုအားများပြားကာ ရေညှိဖြင့် ပြုလုပ်သည့် အစားအသောက်များမှာ ကြိုက်နှစ်သက်သူ များပြားပြီး အစားအသောက်များ၊ ဆေးဝါးများနှင့် အလှကုန် များတွင်လည်း အသုံးပြုလျက်ရှိကြောင်း သိရသည်။ ပင်လယ်ရေမှော်များကို ရေငန်ထက်သည့် မြိတ်ကျွန်းစုအတွင်းရှိ ဒုံးကျွန်းတစ်ဝိုက်၊ လင်းလွန်း၊ ဒိုမယ်၊ မော်တုန်းကြီး၊ တောင်သုံးလုံး၊ သမီးလှ ၊ ပြင်စဘုကျွန်းများတွင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

From...EMG

No comments:

Post a Comment