Sunday, July 7, 2013

ရာထူးမှ နုတ်ထွက်ခွင့် ပြုထားသူများနှင့် ရာထူးတာဝန် ပြောင်းလဲသွားသူများနေရာ ပြင်ဆင်ခြင်းများဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ပြင်ဆင်ဖွဲ့စည်း

changing-july7
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် များအား မေလ က မြစ်ကြီးနားမြို့တွင် ပြုလုပ်သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ရာထူးမှ နုတ်ထွက်ခွင့် ပြုထားသူများ၊ ရာထူးနေရာ ပြောင်းလဲသွားသည့် သူများ ၏ နေရာ ကို ပြင်
ဆင်ခြင်းများဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ၂၀၁၃ ခုနှစ် ဇူလိုင် ၅ ရက်က သမ္မတဦးသိန်းစိန် အမိန့်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဆောင်ရွက်ရန် အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ၂၀၁၂ ခုနှစ် မေ ၃ ရက်က သမ္မတဦးသိန်းစိန် အမိန့်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကော်မတီတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဒုတိယဥက္ကဋ္ဌများအဖြစ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့ ပါဝင်သည်။
အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၊ တပ်မတော်မှ တိုင်းမှူးများ၊ ဒုတိယ၀န်ကြီး တစ်ဦး၊ ဒုတိယရှေ့နေချုပ် တစ်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ပြီး အတွင်းရေးမှူး အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်က တာဝန်ယူထားသည်။
အဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးများ နေရာတွင် ၂၀၁၂ ခုနှစ် သြဂုတ် ၂၈ ရက်က ရာထူးမှ နုတ်ထွက် ခွင့်ပြုခဲ့သော ယခင် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဟောင်း ဦးဇော်မင်း၏ နေရာတွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး တစ်ဦးကို အစားထိုး တာဝန်ပေးခဲ့သည်။
ထို့ပြင် အဖွဲ့ဝင်များဖြစ်သည့် တပ်မတော်မှ တိုင်းမှူးများနေရာတွင် ယခင်ရာထူးနေရာ ပြောင်းလဲ သွား သည့် တိုင်းမှူးများကိုယ်စား လက်ရှိတိုင်းမှူးများကို အစားထိုး တာဝန်ပေးအပ်ခဲ့သည်။
အတွင်းရေးမှူးနေရာတွင် ယခင်ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည်အစား လက်ရှိညွှန်ကြားရေးမှူးချုပ် ဦးဇော်သန်းသင်းကို ပြောင်းလဲတာဝန် ပေးခဲ့ကာ ပြည်ထောင်စုရာထူးဝန် အဖွဲ့သို့ ရောက်ရှိသွားသည့် ချင်းအမျိုးသား ပါတီမှ ဟားခါးပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးငွန်မောင်းအစား ချင်းတိုးတက်ရေး ပါတီမှ ဖလမ်းပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လိန်း ကို ပြောင်းလဲတာဝန် ပေးခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လုပ်ငန်း တာဝန် များကို ဆောင်ရွက်ရမည် ဖြစ်သည်။
လက်ရှိအစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေး မှုများ ပြုလုပ်ခဲ့ရာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အပါအ၀င် အဖွဲ့အစည်း အားလုံးနီးပါးနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ ရရှိထားသော် လည်း နိုင်ငံရေးဆွေးနွေးမှုများ မပြု လုပ်နိုင်သေးသောကြောင့် အပြီးသတ် ငြိမ်းချမ်းရေးကိုမူ ရယူနိုင်ခြင်း မရှိသေးချေ။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် လက်ရှိအစိုးရလက်ထက် တွေ့ဆုံဆွေးနွေးမှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
၂၀၁၅ ခုနှစ် မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်သည့် ပင်လုံ ကဲ့သို့သော ညီလာခံတစ်ခု ကျင်းပကာ ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးမည်ဟု အစိုးရဘက် က ပြော ကြားထားကြောင်းသိရသည်။

From...EMG

No comments:

Post a Comment