Sunday, July 7, 2013

မုတ္တမ ကမ်းလွန် ဒေသတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက် ထပ်မံ တွေ့ရှိ

စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေးနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တို့သည် ယနေ့ နံနက်ပိုင်းတွင်    ကမ်းလွန်လုပ်ကွက် အမှတ် M-3တွင် PTTEPI ရေနံ
ကုမ္ပဏီမှ တွင်းတူးစက် Herculces  208 ဖြင့် တူးဖော်နေသည့် အကဲဖြတ်တွင်း အောင်သင်္ခ(၃) တူးဖော်မှုအား စစ်ဆေး ကြည့်ရှုကြရာ PTTEPI  ရေနံ ကုမ္ပဏီမှ တာဝန် ရှိသူများက တွင်းတူးစက် ပေါ်ရှိ ရှင်းလင်း တင်ပြခန်းတွင် တွင်းတူးဖော်နေမှု အခြေအနေ များကို ရှင်းလင်း တင်ပြခဲ့ပြီး တွင်းတူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု များကို စစ်ဆေးသည်။
မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိသော ထိုင်းနိုင်ငံမှ PTTEPI  ရေနံ ကုမ္ပဏီသည် မုတ္တမ ကမ်းလွန်လုပ်ကွက် အမှတ် M-3  တွင်၂ဝ၁၁ ခုနှစ် မတ် ၂၆ ရက်က ရှာဖွေရေး တွင်းအမှတ် အောင်သင်္ခ(၂)ကို တူးဖော်ခဲ့ပြီး တစ်နေ့လျှင် သဘာဝ ဓာတ်ငွေ့ ၂၅ ဒသမ ၁၄ ကုဗပေသန်းနှင့် လေဆီ ၁၅ဝ စည်ခန့် စမ်းသပ် ရရှိခဲ့သည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ခိုအောင်းမှု ပမာဏကို သိရှိနိုင်ရန် ဒုတိယ အဆင့် တူးဖော်ခဲ့ရာ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ စ၍အကဲဖြတ်တွင်း အမှတ် အောင်သင်္ခ (၄/၅ /၆) တို့ကို တူးဖော်ခဲ့ရာ တစ်နေ့လျှင် သဘာဝ ဓာတ်ငွေ့ ၄ ဒသမ ၃၈ ကုဗပေ သန်းနှင့် လေဆီ ၂ဝ စည် စမ်းသပ် ရရှိခဲ့သည်။ အဆိုပါ တွင်းတွင် ထုံး ကျောက်လွှာ သာမက အောက်ခံကျောက်လွှာ (Basement) အတွင်းတွင်ပါ သဘာဝ ဓာတ်ငွေ့ခိုအောင်း နေကြောင်း တွေ့ရှိခဲ့ပြီး တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ၅ ဒသမ သုည ကုဗပေ သန်းနှင့် လေဆီ ၃ဝ စည်ခန့် စမ်းသပ် ရရှိခဲ့သည်။ ၂ဝ၁၃ ခုနှစ် မေ ၁ဝ ရက်တွင် တတိယ အကဲဖြတ်တွင်း  အောင်သင်္ခ(၆)အား ဆက်လက် တူးဖော်ခဲ့ပြီး တစ်နေ့လျှင် သဘာဝ ဓာတ်ငွေ့ ၁၄ ဒသမ ၃၄ ကုဗ ပေသန်းနှင့် လေဆီ ၂ဝဝဝ စည်ခန့် ထပ်မံစမ်းသပ် ရရှိခဲ့သည်။
၎င်းမုတ္တမ ကမ်းလွန် လုပ်ကွက် M-3 တွင် ၁၉၈၃ ခုနှစ်ကပင် မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ 3 CA-W, 3CA-X, 3CA-Y နှင့် 3 CA-Z  ရှာဖွေရေး တွင်းလေးတွင်း တူးဖော်ခဲ့သည်။ 3CA-Y နှင့် 3CA-Z တို့တွင် အနက်ပေ ၆ဝဝဝ နှင့် ၇ဝဝဝ ကြားရှိ သဲကြောနှင့် ထုံးကျောက်လွှာများမှ လေဆီနှင့် သဘာဝ ဓာတ်ငွေ့များ စမ်းသပ် ရရှိခဲ့ပြီး သဘာဝ ဓာတ်ငွေ့သိုက် ပမာဏကို ခန့် မှန်း တွက်ချက်ခဲ့ပြီး ဖြစ်သည်။
ယခုအခါ   PTTEPI  ကုမ္ပဏီမှ အဆိုပါ ဧရိယာတွင်    အသေးစိတ်    တိုင်းတာ လေ့လာမှုများ ထပ်မံ ဆောင်ရွက်ကာ ပထမအဆင့် အဖြစ် ရှာဖွေရေး တွင် အောင်သင်္ခ(၂)ကို တူးဖော်ကာ စမ်းသပ်မှု အရ အဆိုပါ ဧရိယာ၏ အရှေ့ဘက်ပိုင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်မည့် ဘူမိဗေဒ အနေအထား များအား တိုင်းတာ တွေ့ရှိကာ ယခု ဒုတိယ အဆင့်အဖြစ် အောင်သင်္ခ(၅)နှင့် (၆)တို့ တူးဖော်ခဲ့ရာမှ ထုံးကျောက်လွှာ အတွင်း ပိုမို ကောင်းမွန်သော ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်အား ထပ်မံရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
စွမ်းအင် ဝန်ကြီးဌာနသည်   ယခုအသစ် ထပ်မံ တွေ့ရှိလာသည့်   အောင် သင်္ခ သဘာဝ ဓာတ်ငွေ့သိုက်အား ရှာဖွေ တူးဖော်ရေး လုပ်ငန်းများ   ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီးနောက် စီးပွားရေး တွက်ခြေကိုက်မှု ပမာဏအား တိကျစွာ တွက်ချက် ပြီးပါက ပြည်တွင်းသို့ ဖြန့်ဖြူးနိုင်ရန် အတွက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှုများ ဆောင် ရွက်နိုင်ရေး အစီအမံများ  အဆင့်ဆင့် ဆက်လက် ဆောင်ရွက်သွားမည်  ဖြစ် ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment