Saturday, July 6, 2013

တာလောကြီး ရွာသား နှစ်ယောက် ကေ အိုင် အေ ထံမှ ထွက်ပြေး လွတ်မြောက် လာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် မိုင် ၂၀ အကွာတွင်ရှိသော တာလောကြီးရွာမှ ရွာသားနှစ်ဦး သည် ကေအိုင်အေက စစ်သားအဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားရာမှ ပြန်လည် လွတ်မြောက်လာ ခဲ့သည် ဟု အဆိုပါရွာ၊ ပြည်သူ့စစ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ဒေသခံ ရှမ်းတိုင်းရင်းသား နှစ်ဦးသည် ကန်ပိုက်တီးလမ်းမှ တစ်ဆင့် မြစ်ကြီးနားမြို့ သို့ ပြန်လည် ရောက်ရှိ လာပြီး ဇွန်လဆန်းတွင် လွတ်မြောက် လာခဲ့ ခြင်း ဖြစ်သည်။
ရှမ်းတိုင်းရင်းသား နှစ်ဦးဖြစ်သည့် မောင်မြထွေးနှင့် မောင်အောင်ဝင်းတို့ နှစ်ယောက်အား ရှေ့တန်းတပ် လက်နက်ကြီး အဖွဲ့သို့ပို့ရန် စီစဉ် နေချိန်တွင် အော်ရာဘွန်(ကေအိုင်အေ) တပ်စခန်းတွင် ၎င်းတို့ နှစ်ဦး တွေ့ဆုံခဲ့ကြပြီး ဖုန်နွန်ယန်၊ ဂျာထူးခေါင်၊ လိုင်ဇာ၊ တဟုတ်ဂျမ်း၊ တရုတ်ပြည်လမ်း ကန်ပိုက်တီးလမ်း များအတိုင်း ခုနစ်ရက် တိုင်တိုင် ထွက်ပြေးခဲ့ကြောင်း ၎င်းတို့က ပြောသည်။
မောင်မြထွေးက ၎င်းသည် ဂလန်ကျရွာမှာ စပါး ရိတ်သိမ်းနေစဉ် ကေအိုင်အေ နှစ်ဦးက ကျည်သယ်ပေးဖို့ ဆိုပြီး မုန်ဆန်ယန် စစ်သင်တန်းကွင်းသို့ ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရကြောင်း၊ စစ်သင်တန်းကွင်းသို့ ၂၅ ရက် သွားခဲ့ရပြီး စစ်သင်တန်း တစ်လ တက်ခဲ့ရကြောင်း၊ ထို့နောက် တပ်မဟာ ၅ တွင် သေနတ်ထုတ်၍ လဂျာယန်တွင် တစ်လခန့်အကြာ တပ်ဖွဲ့အတွင်း အနေအစား ဆင်းရဲခြင်း၊ လွတ်လပ်မှု မရှိခြင်း၊ မိမိနေရပ်သို့ ပြန်လိုခြင်းတို့ကြောင်း ဗုံးခွဲ၍ သေကြောင်း ကြံခဲ့သော်လည်း ဆေးရုံတွင် နှစ်လနေလိုက် ရကာ တပ်မဟာ ၅ သို့ပင် ပြန်လည် ရောက်ရှိ ခဲ့ကြောင်း၎င်းက ပြောသည်။
"တပ်မဟာမှာ တစ်ပတ်လောက် နေပြီးတော့ တပ်ရင်း ၁၉ ရောက်သွားပါတယ်။ ခုနစ်လကြာနေ ခဲ့ရပါတယ်။ အော်ရာဘွန် ရောက်ပြီး သုံးပတ်လောက် ကျတော့ တနယ်ထဲ သား မောင်အောင်ဝင်းနဲ့ အတူ ထွက်ပြေး လာခဲ့တာပါ"ဟု အသက် ၂၈ နှစ်ရှိ မောင်မြထွေးက ဆိုသည်။
မောင်အောင်ဝင်း ကမူ ၎င်းက ၀ိုင်းမော်အထက် ၀ါးရှောင်လမ်း မေခမြစ်ဘေး ရှငေါ်တိုမှော်တွင် ရွှေကျင် လုပ်သားအဖြစ် လုပ်ကိုင်နေစဉ် အယောက် ၂၀၀ ခန့်အဖမ်း ခံခဲ့ရရာ၌ တစ်ဦး အပါအ၀င် အဖမ်းဆီး ခံရခြင်း ဖြစ်ပြီး လမ်းတစ်ဝက် အရောက် ၂၁နှစ် နှင့် ၂၅နှစ်ကြား လူငယ်၅၀ခန့်ကို ထပ်မံရွေးထုတ် သွားရာတွင် ၎င်းပါ ပါဝင်သွား ခဲ့ကြောင်း ဆိုသည်။
"ငါးကျန်တပ်ရင်းထိ ၁၁ ရက်ကြာ လမ်းလျှောက် ခဲ့ရပါတယ်။ အဲဒီမှာ သေနတ်ထုတ်ပြီး ရင်း ၃၀ကို ပြန်သွားရ ပါတယ်။ ရင်း ၃၀ မှာ သုံးလလောက် နေခဲ့ပြီး အော်ရာဘွန် တပ်စခန်းကို ကျွန်တော့်ကို ပို့ခဲ့ပါတယ်။ တစ်လလောက် နေခဲ့ရပြီး တနယ်ထဲသားနဲ့ အတူ ထွက်ပြေး လာခဲ့ပါတယ်"ဟု အသက် ၂၁ ရှိ မောင်အောင်ဝင်းက ဆိုသည်။
၎င်းတို့က ဆင်ဘိုနှင့် မိုးမောက်ကား လမ်းဘေး ညောင်ပင်သာရွာတွင် ဒေသခံ ရှမ်းတိုင်းရင်း သား လေးငါး ဆယ်ခန့် တွေ့ခဲ့ရပြီး မုန်တိုင် တပ်စခန်း နှင့် ကေအိုင်အေ တပ်မဟာ၅တွင် ၎င်းတို့ သွားလာခွင့် ရသည့် နေရာနှင့် ရင်း ၃၀ တွင် အသက်မပြည့်သည့် တပ်သားများကို တွေ့ရှိ ခဲ့ရကြောင်း ၊ ၀ါးရှောင် ကျေးရွာနှင့် သုံးလေးမိုင်ခန့် ဝေးသော စိုက်ပျိုးမြေ များတွင် မိုင်းများ ထောင်ထား သည်ကို တွေ့ရှိ ရကြောင်း ဆိုသည်။
၂၀၁၃ မေလ ၂၈ ရက်နေ့က ကျင်းပ ခဲ့သော ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်သည့် အဖွဲ့နှင့် ကေအိုင်အေ၊ ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်၍ ကချင် ပြည်နယ် တွင် နေထိုင်ကြသည့် ဒေသခံ ကချင် တိုင်းရင်းသား မဟုတ်သည့် တိုင်းရင်းသားများ အလေးထား ထည့်သွင်း စဉ်းစား ပေးနိုင်ရေး အတွက် ကြေညာချက် တစ်စောင်ကို မေလ၂၅ရက် နေ့က မြစ်ကြီးနား၊ တာလောကြီး၊ ၀ိုင်းမော်၊ ခတ်ချို၊ မိုင်းနား၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ရွှေကူ ဒေသတို့ရှိ ကချင်လူမျိုးစု မဟုတ်သည့် ဒေသခံ ရှမ်းတိုင်းသား လူမျိုးစု ကိုယ်စားလှယ် များက ထိုကြေညာချက် ထဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးသည့် နှစ်ဖက်အဖွဲ့အစည်း (မြန်မာနှင့် ကေအိုင်အေ ကချင် လက်နက်ကိုင် အဖွဲ့အစည်း)သည် ဒေသခံ ပြည်သူတို့ ခံစားနေကြရသော ဒုက္ခများကို အလေးထားကာ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ညှိနှိုင်း ဆောင် ရွက်ပေးကြရန် သဘောထား ကြေညာချက် ထုတ်ပြန် ခဲ့သည်။
အစိုးရနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီးတွင် ကေအိုင်အေမှ တာဝန်ရှိသူ တစ်ဦးက ဒေသခံ ရှမ်းတိုင်းရင်းသားတို့ ဆန္ဒ ဖော်ထုတ်မှုနှင့် စပ်လျဉ်းပြီး ဖမ်းဆီးထားသော ဒေသခံ ရှမ်းတိုင်းသား များနှင့် ပတ်သက်ပြီး အစီအစဉ် ရှိကြောင်း မီဒီယာကို ထုတ်ပြော ခဲ့သည်။
From Myanmar Times

No comments:

Post a Comment