Wednesday, July 17, 2013

တပ်ကသိမ်းထားသည့် လယ်မြေများထဲမှ ဧက ၁၈၃၆၀ ကျော် မူလပိုင်ရှင်ထံ ပြန်ပေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

military-july17
မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိ နယ်မြေအတွင်းရှိ တပ်သိမ်းလယ်မြေများအား အရှေ့တောင်တိုင်း စစ်ဌာန ချုပ် စခန်းရုံးမှ တာဝန်ရှိသူအချို့ စစ်ဆေးရန် ဇူလိုင် ၃ ရက်က ရောက်ရှိစဉ် (ဓာတ်ပုံ-မောင်မောင်ရွှေမြိုင်)
တပ်မတော်က သိမ်းယူထားခဲ့သည့် လယ်ယာမြေများထဲမှ ပြန်လည်ပေးအပ်၍ရသည့် လယ်ယာမြေ
ဧရိယာ ဧက ၁၈၃၆၀ ကျော်အား ပြန်လည်ပေးအပ် သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဇူလိုင် ၁၆ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည်။
တပ်ဧရိယာပြင်ပမှ သိမ်းယူထားသည့် လယ်ယာမြေများကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန် အတွက်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် လမ်းညွှန်ထားကြောင်း ပြည်ထောင်စု ၀န်ကြီးက ထည့်သွင်းပြောကြားသည်။
စစ်တိုင်းနယ်မြေ ၁၀ ခုတွင် ယနေ့အထိ တိုင်ကြားစာပေါင်း ၃၈၂ စောင်၌ တပ်ပိုင်မြေအဖြစ် စွန့်လွှတ်နိုင်ခြင်း မရှိသော်လည်းဘဲ သက်ဆိုင်ရာ တောင်သူများသို့ သီးစားခမယူဘဲ အခမဲ့စိုက် ပျိုးခွင့် ပြုမည့်မြေ ၆၁၅ ဒသမ ၇၃ ဧကရှိကြောင်း၊ တပ်မြေအဖြစ်မှ အပြီးအပိုင် ပြန်လည် စွန့်လွှတ် ပေးသွားမည့်မြေမှာ ၇၆၆၄ ဒသမ ၄၉ ဧကရှိကြောင်း၊ တိုင်ကြားစာတွင် မပါဝင်သော်လည်း တပ်ပိုင်မြေအဖြစ်မှ အပြီးအပိုင် ပြန်လည်စွန့်လွှတ် ပေးသွားမည့်မြေမှာ ဧက ၁၀၇၀၀ ရှိကြောင်း၊ ထို့အတွက် တိုင်ကြား၍သော် လည်းကောင်း၊ တိုင်ကြားမှုတွင် မပါဝင်ဘဲ တပ်ပိုင်မြေအဖြစ် သိမ်းယူ ထားသည့် မြေများထဲမှသော် လည်းကောင်း စုစုပေါင်းမြေ ၁၈၃၆၄ ဒသမ ၄၉ ဧကအား ပြန် လည်ပေးအပ်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် က ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းတင်ပြ သွားခဲ့သည်။
"တပ်မို့လို့ ကာကွယ်ရေးကို အကြောင်းပြ၊ လုံခြုံရေးကို အကြောင်းပြပြီး ဒီပေါ်မှာ ဒီဟာကြီးပေါ်မှာ အနိုင် အထက် ပြုတာမျိုး  မဟုတ်ဘဲနဲ့ တစ်ဖက်က တောင်သူလယ်သမားတွေ အဆင်ပြေဖို့၊ မျှမျှ တတဖြစ် ဖို့ တောင်သူလယ်သမားတွေရဲ့ ဘ၀အာမခံချက် ရရှိဖို့ကို အလေးထား ပြီး ဆောင်ရွက် သွားမယ်။ နောက်ပြီးတပ်ဆိုတာက နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ လက်နက်ကိုင်ပြီး တာဝန်ထမ်းဆောင်တယ် ဆိုတာက တပ်မတော်ရဲ့ ပရော်ဖက်ရှင်နယ်ပဲ။ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်တဲ့နေရာမှာ တစ်နည်းအားဖြင့် ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တာပဲ။ အဲဒီတော့ နိုင်ငံတော် ကာကွယ်ရေး လက်နက်နဲ့ထမ်းဆောင်တာ မဟုတ်ဘဲ အခုသက်ဆိုင်ရာ ပြည်သူက သူပိုင်တဲ့ ဆိုင်တဲ့ လယ်မြေတွေ ကို ပြန်ပေး တာလည်း ပြည်သူ လူထုရဲ့ အကျိုးစီးပွားကို စောင့်ရှောက်ခြင်းပဲလို့ ခံယူတယ်။ အဲဒါကြောင့် ပြည်သူလူထုအတွက် အဆင်အပြေဆုံး စဉ်းစားမယ်။ တစ်ဖက်ကလည်း အလားတူ တပ်ရဲ့အနာဂတ် လုပ်ငန်းတွေ၊ စီမံကိန်းတွေ ၊ တပ်ရဲ့ကာကွယ်ရေး တာဝန်တွေကို မထိခိုက်ဖို့လည်း လိုတယ်။ အဲဒီနှစ်ခုကြားမှာ မျှမျှ တတဖြစ်အောင် ပြန်ပြီးတော့ ဆောင်ရွက်ပေးသွားမယ်။ အခုစုံစမ်းရေးကော်မရှင် မရောက်ခင်မှာဘဲ ကိုယ်တို့ လုပ်နေတာ အစောင် ၂၈၀ လောက်က စာမရခင် ကတည်းက လုပ်ထားတာရှိတယ်။ အခုလည်း ၃၈၀ လုပ်နေတယ်။ ၆၅၅ စောင်ထဲက ၁၆၇ စောင်ကို တိုင်းတွေမှာပို့ပြီး စစ်ဆေးနေတယ်။ ကျန်တဲ့စစ်ဆေးရမယ့် တစ်ရာကျော်ကျော်ပေါ့။ အဲဒါကလည်း စစ်ထောက်ချုပ်ရုံးကို ရောက်နေပြီဖြစ်လို့ အခုဖြေရှင်းဖို့ ကျန်နေတဲ့ဟာကတော့ အခုဇူလိုင်လ အပြီးလောက်ဆိုရင် နောက်ထပ်တော်တော်များများ ပြီးကြမယ်။ နောက်ထပ်တိုင်တဲ့ တိုင်စာတွေ ရှိရင်လည်း ဆက်ပြီးဖြေရှင်း ပေးရမှာပေါ့" ဟု ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောကြားသည်။
military2-july17
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် သတင်းထောက် များ မေးမြန်းသည်ကို ဖြေကြားနေစဉ်
တပ်မတော်မှ မြေယာသိမ်းယူခဲ့မှုကြောင့် တိုင်ကြားသည့် တိုင်ကြားစာပေါင်း ၄၈၈ စောင်ကို  စုံစမ်းရေးကော်မရှင်မှ ကာကွယ်ရေး ၀န်ကြီးဌာနသို့ ပေးပို့ထားကြောင်း၊ တိုင်ကြားစာ ၉၈ စောင်ပါ မြေ ဧရိယာ ၉၄၃၆ ဒသမ ၀၉ ဧကမှာ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် တိုက်ရိုက်ဖြေ ရှင်း ဆောင် ရွက်ပေးနိုင်ခြင်း မရှိဘဲ အုပ်ချုပ်ရေး နည်းလမ်းဖြင့် လည်းကောင်း၊ အခြားသော ၀န်ကြီးဌာနများနှင့် လည်းကောင်း ဆက်စပ်ဖြေရှင်းသွားရန် လိုအပ်သည်ဟု တင်ပြခဲ့သည်။
နိုင်ငံတော် ကာကွယ်ရေး လက်နက်နဲ့ထမ်းဆောင်တာ မဟုတ်ဘဲ အခုသက်ဆိုင်ရာ ပြည်သူက သူပိုင်တဲ့ ဆိုင်တဲ့ လယ်မြေတွေကို ပြန်ပေးတာလည်း ပြည်သူလူထုရဲ့ အကျိုးစီးပွားကို စောင့်ရှောက်ခြင်းပဲလို့ ခံယူတယ် . . . . .
ထို့နောက် တပ်၊ ဌာနချုပ် နယ်မြေအတွင်း ပါရှိနေပြီး တပ်အဆောက်အအုံများနှင့် မလွတ်ကင်းသည့် တိုင်ကြားစာပေါင်း ၁၄၀ ပါ မြေဧရိယာ ၅၁၅၀၆ ဒသမ ၇၃ ဧကမှာမူ တပ်ရင်း/တပ်ဖွဲ့ ဌာနချုပ် မြေ အတွင်း ပါဝင်နေပြီး တပ်အဆောက်အအုံများ တည်ဆောက်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အဆောက်အအုံ များနှင့် လွတ်ကင်းမှု မရှိသော နေရာများဖြစ်၍ ပြန်လည်စွန့်လွတ်ပေးနိုင်ခြင်း မရှိကြောင်း ရှင်းလင်း တင်ပြသွားသည်။
တပ်၊ ဌာနချုပ် နယ်မြေအတွင်း ပါရှိပြီး တပ်အဆောက်အအုံများနှင့် လွတ်ကင်းသော တိုင်ကြားစာပေါင်း ၈၇ စောင်ပါ မြေဧရိယာ ၁၅၇၁၃ ဒသမ ၈၄၂ ဧကမှာမူ လက်ရှိ ဆောက်လုပ်ထားသော အဆောက် အအုံများ၊ အနာဂတ် ဆောက်လုပ်မည့် အဆောက်အအုံများနှင့် လွတ်ကင်းမှု ရှိပါက သီးစားခမယူဘဲ မူလပိုင်ရှင်များကို အခမဲ့ပြန်လည် စိုက်ပျိုးခွင့် ပေးသွားမည် ဖြစ်ကြောင်းကိုလည်း ရှင်းလင်းပြောကြား သွားသည်။
တပ်၊ ဌာနချုပ်နယ်မြေ၏ ပြင်ပစိုက်ပျိုးမွေးမြူရေး ဆောင်ရွက်လျက်ရှိသော မြေများအပေါ် တိုင်ကြား စာပေါင်း ၁၆၃ စောင် ရှိကြောင်း၊ အဆိုပါ မြေများနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ တပ်မြေများ စတင်သိမ်းယူစဉ် လယ်ယာစိုက်ခင်းများ ပါဝင်ခဲ့ပြီး တိုင်ကြားစာများတွင် တင်ပြလာပါက မူလပိုင်ရှင်သို့ ပြန်လည်ပေးအပ်ရန်၊ တပ်မြေသိမ်းယူပြီးနောက်ပိုင်း တပ်၏ခွင့်ပြုချက် အရ တောင်သူ များမှ မြေရှင်းစိုက်ပျိုးခဲ့ခြင်း၊ တပ်များအား သီးနှံပေးသွင်းခဲ့ခြင်း အပါအ၀င် သီးစား ချခဲ့သော မြေ များဖြစ်ပါက တောင်သူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပေးအပ်ရန်၊ တပ်ပိုင်မြေပေါ် တွင် တောင်သူနှင့် ဖက်စပ်အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခဲ့ပြီး ရရှိသော အကျိုးအမြတ်အား တစ်ဝက်စီ ခွဲဝေယူခဲ့သော မြေဖြစ်ပါက ဆက်လက်စိုက်ပျိုးနိုင်ရန် နှစ်ဖက်ညှိနှိုင်းသွားရန် လမ်းညွှန်ချက်ပေး ခဲ့ကြောင်း သိရသည်။

From...EMG

No comments:

Post a Comment