Saturday, July 13, 2013

ကွန်ဒုံးအတွင်း မူးယစ်ဆေးပြားထောင်ချီ မန္တလေးဘူတာကြီး၌ ဖမ်းမိ

မန္တလေးမြို့တော် ဘူတာကြီး အမှတ် (၂) စင်္ကြံတွင် ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်ခန့်က တွဲ ထိုးထားသော မန္တလေး-မြစ်ကြီးနား အမှတ်(၅၅)အဆန် ရထား ရိုးရိုးတန်းတွဲ(၄)၊ ခုံအမှတ်(၃၈) တွင် စီးနင်း လိုက်ပါသည့် ခရီးသည်တစ်ဦးထံမှ ကွန်ဒုံးအတွင်းထည့်သယ်ဆောင်လာသော မူးယစ်ဆေးပြား ၂၂၈၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးမြို့ အမှတ်(၄)တပ်ခွဲ ရထားရဲစခန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ပြောကြား သည်။
အဆိုပါရထားတွင် လိုက်ပါလာသည့် ယင်းခရီးသည်ကို မသင်္ကာသဖြင့် စစ်ဆေးရာ ၄င်းသည် ရှမ်းပြည် နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ မန်ပြိန်ရွာနေ တရုတ်-ဗုဒ္ဓဘာသာဝင် မလျှော်ရွှေဆူးဖြစ်ပြီး အဆိုပါဆေးပြား များကို ကွန်ဒုံးအတွင်း ထည့်ကာ ဘူးအပြာ အတွင်း ပြန်ထည့်ပြီး တိပ်အနက်ဖြင့် ပတ်၍ ခန္ဓာကိုယ်တွင်း ဝှက်ပြီးသယ်ဆောင်လာ သည်ကို စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ် ဆေးပြားတစ်ပြားလျှင် ၅၀၀၀ ကျပ်ခန့်နှုန်း ဖြင့်တွက်ရာ ကျပ် ၁၁၄ သိန်းခန့်ရှိပြီး အဆိုပါ မူးယစ်ဆေးပြား သယ်ဆောင်လာ သူကို မန္တလေးမြို့အမှတ် (၄) တပ်ခွဲ ရထား ရဲစခန်း တပ်ဖွဲ့က မယပ ၁၉/၂၀၁၃ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း အဆိုပါ တာဝန်ရှိ သူက ပြောကြားသည်။

လက်ရှိ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ မန္တလေးဘူတာကြီး၌ မူးယစ်ဆေးဝါး အမှုန့်နှင့် ဆေးပြားများ တရားမဝင် သယ်ဆောင်ခြင်း ဖမ်းဆီးရမိမှု ၁၃ မှု ရှိပြီ ဖြစ်ကြောင်း အဆိုပါရဲစခန်းမှ ထပ်မံ သိရသည်။

အထက်မြန်မာပြည်သို့ သွားလာရာတွင် ရထားဖြင့် သွားလာမှုသည် အများဆုံး ဖြစ်သောကြောင့် လူစည် ကားကာ လူစုံသည့်အတွက် အထူးကြပ်မတ်စစ်ဆေးရန် လိုအပ်သည့်အပြင် ယခင်က ရထားလမ်း ဗုံးခွဲမှုများ ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ရ ကြောင်း ကသာမြို့သို့ခရီးသွားသည့် မီးရထား စီးခရီးသည် တစ်ဦးက ဆိုသည်။

  The Voice Weekly

No comments:

Post a Comment