Friday, July 19, 2013

ရထားစက်ခေါင်း အင်ဂျင်နှင့် ရထားတွဲများ ထုတ်လုပ်မည်

တရုတ်ချေးငွေအကူအညီဖြင့် ရထားစက်ခေါင်းအင်ဂျင်နှင့် ရထားတွဲများထုတ်လုပ်မည့် စက်ရုံနှစ်ရုံ တည်ဆောက်ရန် တရုတ်- မြန်မာစီးပွားရေး စာချုပ်တစ်ရပ်အား ဇူလိုင် ၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ သည်။

မြန်မာအစိုးရအနေဖြင့် တရုတ်နိုင်ငံ၏အကူအညီဖြင့် ၂၀၁၅ ခုနှစ် မတိုင်မီမြန်မာနိုင်ငံအတွင်း၌ ဒီဇယ် သုံးရထားအင်ဂျင်များနှင့် ကုန်တင်ရထားတွဲများကဲ့သို့သောယာဉ်များအား ထုတ်လုပ်နိုင်မည့် စက်ရုံ တည်ရန် စီမံထားသည်ဟု ဇွန်လတွင် သတင်းမီဒီယာများ၌ ဖော်ပြခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ လက်မှတ်ရေးထိုးလိုက်ခြင်း ဖြစ်သည်။

ရထားအင်ဂျင်ထုတ်လုပ်သည့် စက်ရုံအား နေပြည်တော်တွင် တည်ဆောက်မည်ဖြစ်ပြီး ရထားတွဲများ တည်ဆောက်သည့်စက်ရုံအား မန္တလေးမြို့တွင် တည်ဆောက်မည်ဖြစ်သည်ဟုလည်း သိရသည်။

စက်ရုံများ တည်ဆောက်ပြီးစီးပါက ရထားအင်ဂျင်ပေါင်း ၂၀ နှင့် ခရီးသည်တင်ရထားတွဲပေါင်း ၁၂၀ တွဲအား နှစ်စဉ်ထုတ်လုပ်နိုင်မည်ဟု တရုတ်နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်သော တရုတ်အမျိုးသား သွင်း ကုန်၊ ထုတ်ကုန် ကော်ပိုရေးရှင်း(CMC) ဥက္ကဋ္ဌ Wang Xusheng က ပြောသည်။

အဆိုပါစီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်း ၁၀၀ ခန့်ကုန်ကျ မည်ဖြစ်ပြီး ကုန်ကျစရိတ်အတွက် လိုအပ်သောငွေကြေး၏ ၉၀ ရာခိုင်နှုန်း အား တရုတ်နိုင်ငံက ချေးမည်ဖြစ်ကာ ကျန်ရှိသည့် ၁၀ ရာခိုင်နှုန်း အား မြန်မာနိုင်ငံ၏ နှစ်စဉ်ရသုံးငွေမှ ထည့်ဝင်မည်ဖြစ်သည်ဟု Live Mint & The Wall Street Journa တွင် ၂၀၁၃ ခုနှစ် ဇွန် ၁၁ ရက်က ဖော်ပြခဲ့သည်။

 မြန်မာနိုင်ငံရှိ ရထားလမ်းများ၏ စုစုပေါင်းအလျားမှာ ကီလိုမီတာ ၄၀၀၀ ခန့်ဖြစ်ကာ မီးရထား စက်ခေါင်းပေါင်း ၄၃၆ လုံး၊ တွဲဆိုင်းပေါင်း ၄၄၈၅ တွဲ ပါဝင်သည့် မီးရထားအစင်းပေါင်း ၄၁၂ စင်းရှိသည်။ အဆိုပါတွဲဆိုင်းပေါင်း ၄၄၈၅ အနက် ၁၂၈၁ တွဲမှာ ခရီးသည်တင်ဖြစ်ကာကျန် ၃၂၀၄ မှာ ကုန်တင်တွဲ များဖြစ်သည်။

အောင်မင်းဘာသာပြန်သည်
မဇ္ဈိမ

No comments:

Post a Comment