Monday, July 8, 2013

ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသားဧည့်သည် လာရောက်ဖူးမြော်မှုနှုန်း ငါးနှစ်ဆက်တိုက် မြင့်တက်ခဲ့၊ ၂၀၁၃ ခုနှစ်အတွင်း တရုတ်လူမျိုး တက်ရောက်မှု သိသာစွာ လျော့ကျ

shwedagon-july8
ရွှေတိဂုံစေတီတော်တွင် နိုင်ငံခြားသားများ လာရောက်လေ့လာဖူးမြော် နေသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ - တိုးအောင်)
ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသားဧည့်သည် လာရောက်ဖူးမြော်မှုနှုန်းမှာ ငါးနှစ် ဆက်တိုက် မြင့်တက်
လာခဲ့ကာ ၂၀၁၃ ခုနှစ်အတွင်း ရွှေတိဂုံ စေတီတော်သို့ တရုတ်လူမျိုးများ တက်ရောက်မှု သိသာ စွာ လျော့ကျသွားကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ထုတ်ပြန်သော စာရင်းများအရ သိရှိ ရသည်။
ရွှေတိဂုံ စေတီတော်သို့ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်း နိုင်ငံခြားသားဧည့်သည် ၇၈၃၂၃ ဦး၊ ၂၀၀၉ ခုနှစ်အတွင်း ၁၁၃၅၂၉ ဦး၊ ၂၀၁၀ ပြည့်နှစ်အတွင်း ၁၇၅၀၅၄ ဦး၊ ၂၀၁၁ ခုနှစ်တွင်၂၂၅၃၈၁ ဦးနှင့် ၂၀၁၂ ခုနှစ်တွင် ၅၉၂၉၇၂ ဦးတို့ ၀င်ရောက်ဖူးမြော်မှု ဆက်တိုက်မြင့်တက် လာခဲ့ကြောင်း သိရသည်။
"ရွှေတိဂုံ စေတီတော်ကို နိုင်ငံခြားသားဧည့်သည် တက်ရောက်မှုက ပြီးခဲ့တဲ့နှစ်တွေထက် ပိုပြီး များလာ ပါတယ်။ ကျွန်တော့်အထင်တော့ သိပ်မကြာမီမှာ ပြည်တွင်းဘုရားဖူး ဦးရေနဲ့ ဧည့်သည်နိုင်ငံခြားသား ၀င်ရောက်မှုဦးရေ ဘုရားပေါ်တက်ရောက်မှုက တန်းတူဖြစ်လာမှာပါ" ဟု ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောကြားသည်။
ရွှေတိဂုံ စေတီတော်သို့ တက်ရောက်မှု များပြားလေ့ရှိသည့် တရုတ်လူမျိုး တက်ရောက်ဖူးမြော်မှုမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လအထိ ၁၇၆၁၈ ဦး ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လတွင် ၁၀၀၃၅ ဦး ၀င်ရောက်ခဲ့ကာ ရွှေတိဂုံ စေတီတော်သို့ တက်ရောက်မှု သိသာစွာ လျော့ကျသွားကြောင်း သိရသည်။
ထို့ပြင် ၂၀၁၃ ခုနှစ်အတွင်း ကိုရီးယားလူမျိုး ၁၁၀၃၉ ဦး၊ ပြင်သစ်လူမျိုး ၁၁၀၆၂ ဦးနှင့် ဂျာမနီလူမျိုး ၈၀၈၇ ဦး တက်ရောက်ခဲ့ကာ ပြီးခဲ့သည့်နှစ်ထက် တက်ရောက်မှု မြင့်တက်လာကြောင်း သိရသည်။
"အခုလို မိုးရာသီ ရောက်လာတဲ့ အခါကျတော့ တချို့နိုင်ငံခြားသား လူမျိုးတွေ အနေနဲ့လည်း လာရောက်မှု လျော့ကျတာ ဖြစ်နိုင်ပါတယ်" ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
ရွှေတိဂုံ စေတီတော်သို့ ၂၀၀၈ ခုနှစ်မှ စတင်ကာ ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း တက်ရောက် ဖူးမြော်သည့် နိုင်ငံခြားသားများမှ အလှူငွေ အမေရိကန်ဒေါ်လာ၂၀၄၉၀၃၅ နှင့် FEC ၁,၅၃၈,၈၁၇ ရရှိခဲ့ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ထို့ပြင် ရွှေတိဂုံ စေတီတော်သို့ အာရှဒေသ နိုင်ငံများမှ နိုင်ငံခြားသား ဧည့်သည်များနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ နိုင်ငံပေါင်း ၅၀ ကျော်မှ လာရောက်ဖူးမြော်ကြကြောင်း တစ်ရက်လျှင် ပျမ်းမျှတက်ရောက်မှု ဦးရေတစ်ထောင်ကျော်ရှိကြောင်း သိရသည်။

From..EMG

No comments:

Post a Comment