Monday, July 8, 2013

ဥရောပ တစ်လွှား နာမည်ကြီး ကိုရီးယား ဘောလုံးသမားများ

အာရှတိုက်၌ ဘောလုံး အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ဘောလုံး သမားတွေဟာဥရောပ တစ်လွှားမှာ ထင်ရှား ကျော်ကြားလျက် ရှိနေပါတယ်။ အဲဒီဘောလုံး သမားတွေ
အနက်က ကိုရီးယား ဘောလုံးသမား အကျော်အမော်တွေ ရဲ့အကြောင်းကို စုစည်း တင်ပြလိုက်ပါတယ်။
ဆွန်ဟောင်မင်း(လေဗာကူဆင်/ဂျာမနီ)
ဂျာမန် ဘောလုံး လောကမှာ ထင်ရှားနေတဲ့ ကိုရီးယား ဘောလုံး ကြယ်ပွင့် တစ်ဦး ကတော့ လေဗာကူဆင်ရောက် ရှေ့တန်းလူ ဆွန်ဟောင်မင်းပဲ ဖြစ်ပါတယ်။ သူဟာ၂ဝ၁ဝ ဘောလုံး ရာသီကစပြီး ၂ဝ၁၃ ခုနှစ်အထိ ဟန်းဘက် အသင်းမှာ ၇၃ ပွဲကစားပြီး ဂိုး ၂ဝ သွင်းယူနိုင်ခဲ့ပါတယ်။ သူ့ကို ၁၉၉၂ ခုနှစ် ဇူလိုင်လ ၈ ရက်မှာ မွေးဖွားခဲ့တဲ့ အတွက် အသက် ၂ဝ သာ ရှိပါသေးတယ်။ အရပ် အမြင့်၆ ပေခွဲရှိပြီး ရှေ့တန်း တိုက်စစ်မှူး အဖြစ်နဲ့ရော တောင်ပံလူ အဖြစ်နဲ့ပါ ကစားနိုင် ပါတယ်။ တောင် ကိုရီးယား လက်ရွေးစင် အဖြစ်နဲ့ ၂ဝ၁ဝ ပြည့်နှစ်က စ၍ ရွေးချယ် ခံခဲ့ရပြီး၁၅ ပွဲကစား နှစ်ဂိုးသွင်း ယူထားသူပါ။

ကီဆောင်ယောင်(ဆွမ်ဆီး/အင်္ဂလန်)
ဗဟို ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ကီဆောင်ယောင်ဟာ အင်္ဂလန် ပရီးမီးယားလိဂ် ဆွမ်ဆီး အသင်းရဲ့ အဓိက ကွင်းလယ်လူတစ်ဦး ဖြစ်ပါတယ်။ သူဟာ အသက် ၂၄ နှစ်သာ ရှိသေးပြီးအရပ် ၆ ပေ ၂ လက်မ ရှိပါတယ်။ အက်ဖ်စီဆိုးလ်နဲ့ ဆဲလ်တစ် အသင်းတို့မှာ ကစားခဲ့ပြီး ၂ဝ၁၁ ခုနှစ်က ဆွမ်ဆီး အသင်းကို ရောက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဆွမ်ဆီးအသင်းနဲ့ အတူ၂၉ ပွဲ ပါဝင် ကစားခဲ့ပါတယ်။ ဆဲလ်တစ် အသင်းမှာလည်း ၆၆ပွဲ ကစား ကိုးဂိုးသွင်းယူ ထားနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယား လက်ရွေးစင် အဖြစ် ယူ ၁၇၊ ယူ ၂ဝ၊ ယူ ၂၃ အသင်းတွေမှာ ပါဝင် ကစားခဲ့ပြီး လက်ရွေးစင် အသင်းကြီး မှာလည်း ၂ဝဝ၈ ခုနှစ်ကနေ စတင်ပါဝင် ကစားခဲ့ပြီး ၅၁ ပွဲမှာ ငါးဂိုးသွင်းယူ ထားခဲ့ပါတယ်။

ကူဂျာ ချိုးလ်(ဝုဖ်ဘတ်/ဂျာမနီ)
နောက်ထပ် ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ကူဂျာချိုးလ်ကတော့ ၂ဝ၁၁ ခုနှစ်ကစပြီး ဂျာမန်ဘွန်ဒက် လီဂါကလပ်ဝုဖ်ဘတ်မှာ ကစားနေသူ တစ်ဦး ဖြစ်ပါတယ်။ သူဟာ အသက် ၂၄ နှစ်ရှိပြီး လက်ရွေးစင် အသင်းမှာလည်း ယူ ၂ဝ၊ ယူ ၂၃ ပွဲစဉ်တွေ ပါဝင် ကစားခဲ့ကာ ၂ဝဝ၈ခုနှစ်ကစပြီး ကိုရီးယား လက်ရွေးစင် အဖြစ် ပွဲ ၃ဝ မှာ ၁ဝ ဂိုးသွင်းယူ ထားနိုင်ခဲ့ပါတယ်။ ၂ဝ၁၂-၂ဝ၁၃ ဘောလုံးရာသီမှာ တန်းဆင်းဇုန်က အော့စ်ဘတ် အသင်းကို အငှားသွားရောက် ကစားခဲ့ပြီး တန်းဆင်းဇုန်က လွတ်မြောက် အောင် ကူညီနိုင်ခဲ့ ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီမှာ အော့ဖ်ဘတ် အတွက် ၃၆ ပွဲကစား ရှစ်ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။

ကင်ဘိုကျောင်(ကာဒစ်စီးတီး/ဝေလ)
ဝေလကလပ် ကာဒစ်စီးတီးမှာ ကစားနေတဲ့ ကင်ဘိုကျောင် ကတော့ တောင်ကိုရီးယား တိုက်စစ်သန် ကွင်းလယ်လူ ဖြစ်သလို ဘယ်တောင်ပံလူ အဖြစ်နဲ့လည်း ကစားနိုင်ပါတယ်။သူဟာ အသက် ၂၃ နှစ်ရှိပြီး အရပ် ၅ ပေ ၁ဝ လက်မ ရှိပါတယ်။ ကြေးစား ဘောလုံးသမား အဖြစ် ဂျပန်ကလပ် စီရီဇိုအိုဆာကာနဲ့ အိုအီတာထရီနီတာ တို့မှာ ကစားခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက ကာဒစ်စီးတီး အသင်းကို ပြောင်းရွှေ့ ကစားခဲ့ ပါတယ်။ ကင်ဘိုကျောင်ဟာ အဲဒီကာဒစ် အသင်းမှာ ၂၈ ပွဲကစားပြီး နှစ်ဂိုးသွင်းယူ ထားပါ တယ်။ သူဟာ တောင်ကိုရီးယား လက်ရွေးစင် အဖြစ် ၁၇ ပွဲကစားပြီး နှစ်ဂိုးသွင်းယူ ထားနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ် လန်ဒန်အိုလံပစ် ကြေးတံဆိပ်ရ တောင်ကိုရီးယား ယူ ၁၃ အသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

ပက်ချုယောင်(အာဆင်နယ်/အင်္ဂလန်)
အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ တောင်ကိုရီးယား တိုက်စစ်မှူး ပက်ချုယောင်ဟာ အရပ် ၆ ပေ ရှိပြီး အာဆင်နယ်အသင်းက တရားဝင် စာချုပ်ခေါ်ယူထားတာ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ရာသီမှာ စပိန်လာလီဂါ ကလပ် ဆဲလ်တာဗီရိုကို အငှားသွားရောက် ကစားခဲ့ပါတယ်။ ယခင်က အက်ဖ်စီဆိုးလ်၊ မိုနာကို အသင်းတို့မှာ ကစားခဲ့ပြီး ၂ဝ၁၁ - ၂ဝ၁၂ ရာသီမှာ အာဆင်နယ်သို့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ တောင်ကိုရီးယား ယူ ၂ဝ၊ ယူ ၂၃ တို့နဲ့ ပါဝင် ကစားခဲ့ဖူးပြီး ၂ဝဝ၅ ခုနှစ်ကစပြီး လက်ရွေးစင် အသင်းကြီးမှာ အရွေးခံ ရကာ ၆၁ ပွဲကစားပြီး ၂၃ ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ လန်ဒန် အိုလံပစ် ကြေးတံဆိပ် ဆုရ အသင်းမှာလည်း ပါဝင်ခဲ့ ပါတယ်။

ဂျီဒေါင်ဝမ်(ဆန်းဒါးလန်း/အင်္ဂလန်)
နောက်ထပ် တောင်ကိုရီးယား တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဂျီဒေါင်ဝမ်ကတော့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်ဆန်းဒါးလန်း အသင်းမှာ ကစား နေပါတယ်။ ဒါပေမဲ့ သူဟာပြီးခဲ့တဲ့ ရာသီက ကူဂျာချိုးလ်နဲ့ အတူ ဂျာမန်ကလပ် အော့စ်ဘတ်ကို အငှားသွားရောက် ကစားခဲ့ပါတယ်။ သူဟာ အသက်၂၂ နှစ်ရှိပြီး အရပ် ၆ ပေ ၁ လက်မခွဲ ရှိပါတယ်။ အော့စ်ဘတ် အသင်းမှာ ၁၇ ပွဲ ကစားပြီး ငါးဂိုးသွင်းယူ နိုင်ခဲ့ ပါတယ်။ တောင်ကိုရီးယား လက်ရွေးစင်အသင်း အတွက်၂ဝ၁ဝ ပြည့်နှစ်မှာ စတင် အရွေးခံခဲ့ရပြီး ၂၃ ပွဲကစား ပေးထားပြီး ရှစ်ဂိုးသွင်းယူ ထားပါတယ်။

From...မြ၀တီ

No comments:

Post a Comment