Friday, July 19, 2013

မြန်မာနိုင်ငံ၌ စီးပွားရေး မဖွံ့ဖြိုးမီ သက်ကြီးရွယ်အို အချိုးအစား ပိုမိုများပြား လာလိမ့်မည်ဟု OECD သတိပေး

အသက်အရွယ် အုပ်စုလိုက်အချိုးအစားတွင် မြန်မာနိုင်ငံသည် အခြားအိမ်နီးချင်းနိုင်ငံများထက် သက်ကြီး ရွယ်အိုအုပ်စု ပိုမိုကြီးထွားလာနေသောကြောင့် နိုင်ငံတော်ခေါင်းဆောင်များအနေဖြင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအား အကောင်းဆုံးဖြစ်အောင် ပြုလုပ်ရေး မူဝါဒများကို အလျင်အမြန် အကောင်အထည်ဖော် ရန် လိုအပ်ကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှု အဖွဲ့အစည်း Origanization for Economic Co-operation and Development က ဇူလိုင် ၁၇ ရက်တွင် သတိပေးလိုက်သည်။

လူဦးရေ ၅၉ သန်းရှိသော မြန်မာနိုင်ငံသည် အသက်အရွယ် အုပ်စုအလိုက် လူဦးရေ အချိုးအစား ဖွဲ့စည်းပုံတွင် ၂၀၀၀ ပြည့်လွန်နှစ်များ အတွင်းက တရုတ်၏ ဖွဲ့စည်းပုံနှင့် ဆင်တူနေသည်ဟု ဆိုသည်။ OECD ၏ အစီရင်ခံစာ တစ်ရပ်တွင် မြန်မာနိုင်ငံ၌ အလုပ်လုပ်နိုင်သော အသက်အရွယ် အပိုင်းအခြား အချိုးအစားကျဆင်းလာကာ သက်ကြီးရွယ်အိုအုပ်စုက အရေအတွက်ပို၍များပြားလာကြောင်း ထောက်ပြ ထားသည်။ အခြား အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား နှင့် လာအိုတို့တွင် အလုပ်လုပ်နိုင်သော အသက်အရွယ် အုပ်စုက ဆက်လက်တိုးပွား နေသည်ဟု ဆိုသည်။

နောက်နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံရဲ့ လူငယ်အုပ်စုဟာ စတင်အိုမင်း လာပါတော့မယ်။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မဖန်တီးနိုင်ဘူး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင် အထည် မဖော်နိုင်ဘူးဆိုရင် မြန်မာတွေ မချမ်းသာခင်မှာပဲ အိုမင်းရပါတော့မယ်...

''နောက်နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံရဲ့ လူငယ်အုပ်စုဟာ စတင်အိုမင်း လာပါတော့မယ်။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မဖန်တီးနိုင်ဘူး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင် အထည် မဖော်နိုင်ဘူးဆိုရင် မြန်မာတွေ မချမ်းသာခင်မှာပဲ အိုမင်းရပါတော့မယ်'' ဟု OECD က ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

၁၀ စုနှစ် အတန်ကြာ စစ်အုပ်ချုပ်ရေး အောက်၌ရှိခဲ့သည့် အာရှတိုက်၏ အဆင်းရဲဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံတွင် ဦးသိန်းစိန် သမ္မတဖြစ်လာ ခဲ့ပြီးနောက် နိုင်ငံရေးနှင့် စီးပွားရေး လွတ်လပ်ခွင့်များ ပေးခဲ့ကာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေး ဖန်တီးရန် ကြိုးပမ်းလျက် ရှိသည်။ မြန်မာနိုင်ငံသည် ဒေသတွင်း၌ လုပ်အားခ ဈေးအပေါ ဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်နေခြင်းက ကိုကာကိုလာနှင့် ဗီဇာကဲ့သို့ ကုမ္ပဏီများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ဂျပန်ပြည်ပ ကုန်သွယ်ရေး အဖွဲ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အစိုးရက ၂၀၁၅ ခုနှစ်သို့ အရောက်တွင် စီးပွားရေး အင်အား ၇ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ရန် ပစ်မှတ်ထားသော်လည်း မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံ ပြောင်းလဲမှု မရှိလျှင် စီးပွားရေးသည် ၂၀၁၃ မှ ၂၀၁၇ ခုနှစ်အတွင်း ပျမ်းမျှ ၆ ဒသမ ၃ ရာခိုင်နှုန်းသာ တိုးတက်လိမ့်မည်ဟု OECD ဆိုသည်။ မြန်မာနိုင်ငံ အနေဖြင့် သူ၏ ကုန်ထုတ်လုပ်ရေးနှင့် ၀န်ဆောင်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံ မှု ပြုလုပ်ကာ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးလျက် ၀င်ငွေတိုးတက်အောင် ပြု လုပ်ရလိမ့် မည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရေး၊ အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးလာရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု၌ အစိုးရ အဖွဲ့အစည်းများ အကောင်းဆုံး ပါဝင်လာရေးနှင့် အသေးစား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် အကူအညီ ပေးရေးတို့ကိုလည်း အထူးပြု လုပ်ဆောင်ရမည်ဟု OECD အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ စုစုပေါင်း တစ်ဦးချင်း နှစ်စဉ်ဝင်ငွေသည် ကမ္ဘောဒီးယားထက် ၁၃ ရာခိုင်နှုန်း နိမ့်ကျနေပြီး လာအိုထက် ၂၄ ရာခိုင်နှုန်း နိမ့်ကျနေသည်ဟု ယင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။
Ref : Bloomberg
Eleven Media Group

No comments:

Post a Comment