Wednesday, August 14, 2013

သမ္မတရုံး ညွှန်ကြားချက်ဖြင့် ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့က အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းအား ရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်များ ကန့်ကွက်မည်

Z-14-8
သြဂုတ် ၁၂ ရက်က မြန်မာ့ရုပ်ရှင် အစည်းအရုံး၌ ပြုလုပ်သော ဆွေးနွေးပွဲတွင် ဒါရိုက်တာ ၀င်းထွန်းထွန်း ဆွေးနွေးနေစဉ် (ဓာတ်ပုံ - လင်းလင်းခိုင်)
ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့က မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများတွင် ဖခင်နှင့်သမီး ကြည့်ရှုရန် မသင့်လျော်သည့် ဇာတ်ကားအများစု ပါဝင်နေသည်ဟု အကြောင်းကြားစာ
တစ်ရပ်အား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ပေးပို့ခဲ့ခြင်းအပေါ် ရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်များ အနေဖြင့် ကန့်ကွက်ရန် စီစဉ်မည်ဟု သတင်းရရှိသည်။ ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့မှ သမ္မတရုံး ညွှန်ကြားချက်ဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ရေးသားထားပြီး ဇူလိုင် ၁၂ ရက်မှ ၁၅ ရက်အတွင်း အဆိုပါအဖွဲ့သို့ လက်ကိုင်ဖုန်းများ၊ အီးမေးလ်များဖြင့် တိုင်ကြားခဲ့သည်များအပေါ် အခြေခံရေးသား ပေးပို့ခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရသည်။ အဆိုပါ အကြောင်းကြားစာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ တစ်ရပ်ကို သြဂုတ် ၁၃ ရက် နံနက် ၉ နာရီတွင် ရုပ်ရှင်အစည်းအရုံး၌ ကျင်းပခဲ့ရာ ဒါရိုက်တာများ၊ သရုပ်ဆောင်များနှင့် ဇာတ်ညွှန်းပညာရှင်များ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။
"ဒီလို အကြောင်းကြားစာ ပေးပို့လာရာမှာ အဲဒီအဖွဲ့က ဘယ်သူတွေနဲ့ ဖွဲ့စည်းထားတာလဲ။ ရုပ်ရှင်နဲ့ ဗီဒီယို အများစုက ဒီလိုဖြစ်နေတယ်လို့ သုံးသပ်ရာမှာ ဘယ်စစ်တမ်းကို ကြည့်ပြီးတော့ ဆုံးဖြတ်တာလဲ။ ဇာတ်ကား အများစုလို့ သုံးနှုန်းရာမှာ ဇာတ်ကား ၁၀၀၀ ကျော်မှာ ရာခိုင်နှုန်း ၅၀ က အဲဒီလိုဇာတ်ကားတွေ ဖြစ်နေလို့လား ဆိုတာတွေ ပြန်ပြီးမေးမြန်း သွားမှာပါ။ ဒီလိုပြောဆိုမှုကိုလည်း ရုပ်ရှင်အစည်းအရုံးနဲ့ အနုပညာရှင်တွေ အနေနဲ့ ကန့်ကွက်ကြောင်းကို အမြန်ဆုံးပြန်လည် ပေးပို့သွားပါမယ်" ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင် အကယ်ဒမီ လူမင်းက ပြောကြားခဲ့သည်။
မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများအပေါ် ယင်းကဲ့သို့ ပေးပို့လာခြင်းနှင့် ပတ်သက်ပြီး ဒါရိုက်တာအကယ်ဒမီ မီးပွားကလည်း "အခုလိုမျိုး အားလုံးကို လောကတစ်ခုလုံးကို ခြုံပြောတာထက် တိတိကျကျ ဘယ်လိုအကြောင်းကြောင့်ဆိုတာ ထောက်ပြစေချင်ပါတယ်။ ဒါဆိုရင် သက်ဆိုင်တဲ့သူကပဲ ဖြေရှင်းပါလိမ့်မယ်။ အခုလို ရုပ်ရှင်လောက တစ်ခုလုံးကို သိမ်းကြုံးပြောတာမျိုးကတော့ မကောင်းပါဘူး။ သမ္မတရုံးက ဆိုပြီးတော့ နေရာတကာ ပါနေတာကိုလည်း လက်မခံပါဘူး။ စင်ကာပူ၊ တရုတ် စတဲ့အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ပါဦး" ဟု ၎င်း၏အမြင်အား ပြောကြားခဲ့သည်။
ဘယ်လိုအကြောင်းကြောင့်ဆိုတာ ထောက်ပြစေချင်ပါတယ်။ ဒါဆိုရင် သက်ဆိုင်တဲ့သူကပဲ ဖြေရှင်းပါလိမ့်မယ်။ အခုလို ရုပ်ရှင်လောက တစ်ခုလုံးကို သိမ်းကြုံးပြောတာမျိုးကတော့ မကောင်းပါဘူး။ သမ္မတရုံးက ဆိုပြီးတော့ နေရာတကာ ပါနေတာကလည်း မဖြစ်သင့်ပါဘူး
"ဒီလို ဆင်ဆာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ စပြီးပေါ်ထွက်လာတာက ကျွန်တော့်ဇာတ်ကားကနေ စတယ်လို့ ဆိုလို့ရပါတယ်။ ဒီဇာတ်ကားကလည်း ဇာတ်ကားထွက်ပြီး တစ်လလောက်အကြာမှာ Facebook ပေါ်တက်လာတာကနေ စဖြစ်လာတာပါ။ ဇာတ်ဝင်ခန်းထဲမှာ တကယ်မနမ်းဘဲ တကယ်နမ်း တယ်ဆိုပြီး အင်တာနက်ပေါ် တက်လာတာပါ။ ကျွန်တော့်ဇာတ်ကားထဲက မင်းသမီးနှစ်ယောက်စလုံး လုံခြုံစွာ ၀တ်ထားပါတယ်။ ဘာတစ်ခုမှ မပေါ်ပါဘူး။ အနုပညာအရ ပြောင်မြောက်စွာ ရိုက်ကူးထား ပါတယ်။ ဇာတ်ရဲ့ လိုအပ်ချက်အရ ဒီဇာတ်ဝင်ခန်းကို ထည့်သွင်းထားတာပါ။ ဒါကို အခုလို အင်တာနက်ပေါ်တင်ပြီး ၀ါဒဖြန့်တယ်ဆိုတာ နောက်ကျောကို ဓားနဲ့ထိုးတာပါ။ နောက်ပြန်သွားချင်တဲ့ လမ်းကြောင်းပါပဲ။ အခု ဆယ်ကျော်သက် လူငယ်တွေအားလုံးရဲ့ လက်ကိုင်ဖုန်းတွေမှာ ရှိနေတာ ကျွန်တော်တို့ မြန်မာဇာတ်ကားတွေ မဟုတ်ပါဘူး။ တက္ကသိုလ်တစ်ခုက အဖြစ်အပျက်ပါ။ ဒီကိစ္စမှာ ဘယ်သူက တာဝန်ရှိတာလဲ။ မြန်မာမိန်းကလေးတွေ ဘီယာသောက်တာ၊ မြန်မာဇာတ်ကားတွေကြည့်ပြီး လိုက်သောက်တာ မဟုတ်ပါဘူး။ ဒီတော့ လွတ်လပ်စွာ အနုပညာဖန်တီးမှုကို တိုက်ခိုက်လာမယ်ဆိုရင် ရင်ဆိုင်ရပါလိမ့်မယ်။ ကျွန်တော်တို့ကို ကန့်သတ်မယ်ဆိုရင် Skynet မှာပြနေတဲ့ Channel V လို Channel မျိုးမှာ နမ်းတာကို ပြနေတာတွေ၊ ရင်သားဖော်တာတွေ တားမြစ်ဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့ စကပ်အတိုကို ရိုက်ပြတာကို တားမြစ်မယ်ဆိုရင် MRTV 4 မှာ လွှင့်နေတဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေ ထဲက စကပ်တိုတွေကို တားဖို့လိုပါလိမ့်မယ်။ အခုက ကျွန်တော်တို့ အနောက်နိုင်ငံ အသီးသီးက မီဒီယာတွေနဲ့ ယှဉ်ပြိုင်နေရတာပါ။ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်တော့ ရှိဖို့လိုပါတယ်" ဟု မျက်လုံးလေးက လယ်ကလယ် ဇာတ်ကား၏  ဒါရိုက်တာ ၀င်းထွန်းထွန်းက သုံးသပ်ခဲ့သည်။  
ဒါရိုက်တာ ၀ိုင်းကလည်း "သူတို့အဖွဲ့ရဲ့ နာမည်အတိုင်းဆိုရင် ထောက်ပြပြောဆိုစရာတွေ အများကြီး ရှိပါတယ်။ ရုပ်ရှင်ကိုမှ ထောက်ပြစရာ ရှိတာလား။ အင်တာနက်က ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို မပိတ်ပင်ဘဲ ရုပ်ရှင်လောကကိုမှ အခုလို ဝေဖန်တိုက်ခိုက်လာတာက ရုပ်ရှင်လောကသားတွေကို စော်ကားတာပါပဲ။ လက်ကိုင်ဖုန်းတွေ၊ အီးမေးလ်တွေနဲ့ တိုင်လို့ရတယ်ဆိုရင် ဆင်ဆာအဖွဲ့နဲ့ ပတ်သက်ပြီး အဲဒီလို တိုင်ကြားမှုတွေ ရှိလာရင် ဆင်ဆာအဖွဲ့ကို ဖြုတ်ချပေးမလားဆိုတာ သိချင်ပါတယ်။ ကျွန်တော်တို့ တကယ်တမ်း ထိပ်တိုက်ရင်ဆိုင် သင့်တာက ထမင်းရှင် ပရိသတ်နဲ့ပါ။ ကိုယ်ဖန်တီးတဲ့ အနုပညာကို ကိုယ်ပဲတာဝန်ယူရမှာပါ။ အဲဒီလို လွတ်လပ်စွာ ဖန်တီးခွင့်မရှိဘဲ ပိတ်ပင်တားမြစ်မယ်။ နောက်ပြန်သွားမယ် ဆိုရင်တော့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ရမှာပါပဲ" ဟု ၎င်းကသုံးသပ်ခဲ့သည်။

ယင်းနေ့က ပြုလုပ်ခဲ့သော အနုပညာရှင်များ ပါဝင်သည့် ဆွေးနွေးပွဲတွင် ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့မှ ပေးပို့လာသည့် အကြောင်းကြားစာအပေါ် ရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်များက လက်မခံဘဲ ကန့်ကွက်သွားမည် ဖြစ်ကြောင်း၊ တိကျသည့် စစ်တမ်းကို အခြေခံ ထားခြင်း မဟုတ်သည့်အတွက် လက်မခံနိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

Eleven

No comments:

Post a Comment