Friday, August 30, 2013

စက်တင်ဘာလလယ်နှင့် ဒီဇင်ဘာ လကုန်ပိုင်း၌ ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းသုံးလုံး ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံတွင် မုတ်သုံစတင် ဆုတ်ခွာရာ စက်တင်ဘာလ လယ်ပိုင်းမှ ဒီဇင်ဘာလ အကုန်အထိ ဘင်္ဂလား ပင်လယ်အော်၌ မုန်တိုင်းအနည်းဆုံး သုံးကြိမ် ဖြစ်ပွားနိုင်ကြောင်း Myanmar Climate Change Watch မှ ထုတ်ပြန်ချက်အရ သိရသည်။
''၂၀၁၃ တစ်နှစ်လုံးမှာ ဘင်္ဂလား ပင်လယ်အော်အတွင်း မေလတစ်လမှာပဲ မဟာစင်မုန်တိုင်း တစ်လုံးသာ ဖြစ်ပေါ်ခဲ့တယ်။ ဇွန် ၁ ရက်က စတင်ခဲ့တဲ့ မုတ်သုံကာလကနေ အခုသြဂုတ်လ ကုန်ခါနီးအထိ မုတ်သုံမုန်တိုင်း တစ်လုံးမှ မဖြစ်ခဲ့ဘူး။ NOAA အဖွဲ့ရဲ့ ခန့်မှန်းချက် အရလည်း နောက်နှစ်ရက် အတွင်း မြန်မာနိုင်ငံမှာ မုန်တိုင်းဖြစ်ဖို့ လေးရာခိုင်နှုန်းအောက် လျော့နည်းနိုင် တယ်လို့ ခန့်မှန်းထားတယ်'' ဟု ဒေါက်တာထွန်းလွင်က ပြောကြားသည်။
အမေရိကန်နိုင်ငံ အခြေစိုက် ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတင်း အချက် အလက်များအား ခန့်မှန်းထုတ်ပြန်နေသည့် National Oceanic and Atmospheric Administration- NOAA အဖွဲ့သည် သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၃ ရက်အထိ လွန်ကဲရာသီ ခန့်မှန်းချက်အရ လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ အောက်ပိုင်းတွင် မိုးရွာသွန်းမှု လျော့ကျလာနိုင်ပြီး ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပွားနိုင်မှု လျော့နည်းလာကြောင်းလည်း ထုတ်ပြန်ထားသည်။
တောင်တရုတ် ပင်လယ်ပြင်တွင်လည်း မုန်တိုင်းဖြစ်ပေါ်ရာ ဒေသသည် ပစိဖိတ် သမုဒ္ဒရာ အလယ်ပိုင်းသို့ ရွေ့လျားခဲ့သဖြင့် တောင်တရုတ် ပင်လယ်၌ မုန်တိုင်းဖြစ်ပွားမှု လျော့နည်းလာကာ မြန်မာနိုင်ငံ တစ်ဝန်းလုံး မိုးရွာသွန်းမှု လျော့နည်းလာနိုင်သည့် အတွက် ယခုဖြစ်ပေါ်နေသည့် ရေကြီးမှု ဘေးမှလည်း လျော့နည်းနိုင်ကြောင်း သိရသည်။ သြဂုတ်လ နောက်ဆုံးအပတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဖုံးလွှမ်း ခံရနိုင်သော ဒေသများသည် သိသိသာသာ လျော့နည်းလာကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး အလယ်ပိုင်း၊ ကချင်ပြည်နယ် မြောက်ပိုင်းစွန်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းစွန်း ဒေသအချို့တွင်သာ မိုးကောင်းခဲ့ကြောင်းလည်း သိရသည်။

သြဂုတ် ၂၅ ရက်တွင် တရုတ်နိုင်ငံ တောင်ပိုင်းနှင့် လာအိုနိုင်ငံ အစပ်၌ရှိသော လေဖိ အားနည်း ရပ်ဝန်းသည် လာအိုနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ၀င်ရောက်လာမှုကြောင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် တို့တွင် ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့သည်။

Eleven Media Group

No comments:

Post a Comment