Saturday, August 3, 2013

တပ်မတော်အား အရပ်သား အစိုးရ လက်အောက်တွင် ထားရှိရန် အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အမေရိကန် အထက်လွှတ်တော် အမတ် မစ်ခ်ျမက်ကော်နယ် တိုက်တွန်း

8.2.17
အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ် သြဂုတ် ၁ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် (Photo: AFP)
မြန်မာနိုင်ငံတွင် အပြုသဘော ဖြစ်ပေါ်နေသော ပြောင်းလဲမှုများ ရှိနေသော်လည်း သီးခြားဖြစ်နေသည့် တပ်မတော်ကို အရပ်သားထိန်းချုပ်မှုအောက်တွင်ထားရှိရန်အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ
အချက်အချို့ ပြင်ဆင်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင် သွားရန် လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် တိုက်တွန်း ဝေဖန်နေသူ သြဇာကြီးမားသော အမေရိကန် အထက်လွှတ်တော် အမတ်မစ်ခ်ျမက်ကော်နယ်က ပြောကြားသည်။
ယခင်က မြန်မာနိုင်ငံအား ပိတ်ဆို့ အရေးယူမှုများတွင် ဦးဆောင်ဦးရွက် ပြုခဲ့သူ ရီပတ်ဘလီကင် အထက်လွှတ်တော် အမတ်မစ်ခ်ျမက်ကော်နယ်က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ ရွေးကောက်ပွဲ ကျင်းပပေးပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ရယူနိုင်ခဲ့ခြင်း တို့အတွက် ချီးကျူးခဲ့သည်။ သို့သော်လည်း ပြုပြင်ပြောင်းလဲရေး အတွက် အလုပ်အများကြီး ဆက်လုပ်ရဦး မည်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် စစ်မှန်သော ပြောင်းလဲမှုအတွက် အရေးပါကြောင်း ပြောကြားသည်။
''အပြောင်းအလဲတွေ ဖြစ်ခဲ့ပေမယ့် အလုပ်တွေ အများကြီး ဆက်လုပ်ရပါဦးမယ်။ အထူးသဖြင့်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပါ။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဒီမိုကရေစီ ပြောင်းလဲရေး အတွက် အလုပ်မဖြစ်ပါဘူး။ ဒီတော့ မြန်မာဟာ ဖွံ့ဖြိုးမှု နောက်တစ်ဆင့် တက်ချင်တယ်၊ အမေရိကန်နိုင်ငံနဲ့ ပိုပြီးရင်းနှီးစွာ ဆက်ဆံချင်တယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် ရပါလိမ့် မယ်'' ဟု ၎င်းက ပြောကြားသည်။
ပြုပြင်ရမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး အချက်လေးချက်ကို ပြင်ဆင်ရမည် ဖြစ်ကြောင်း ၎င်းက ရည်ညွှန်းပြောဆိုခဲ့ပြီး လက်ရှိတပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေမှုနှင့် ပတ်သက် ၍ ပြုပြင်ရမည်ဟု ဝေဖန်ခဲ့သည်။
''ပထမဆုံး ပြင်ဆင်ရမှာက တပ်မတော်ကို အရပ်သား ထိန်းချုပ်မှုအောက်မှာ ထားဖို့ပါ။ တည်ငြိမ်တဲ့ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ တပ်မတော်ဟာ အရပ်သား ဦးဆောင်မှုအောက်မှာ ရှိရပါတယ်။ မြန်မာနိုင်ငံ မှာ ဖြစ်နေတဲ့ ပြင်ဆင်ရမယ့် အဓိက ပြဿနာက မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ထဲ ပါဝင်နေတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍပါ။ ဒါပေမဲ့ ခက်နေတာက သမ္မတဟာ လက်နက်ကိုင်တပ်တွေ အကုန်လုံးရဲ့ ခေါင်းဆောင် ဖြစ်မနေ ဘဲ တပ်မတော်ဟာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဦးဆောင်မှုအောက် မှာ သီးသန့်ရှိနေတာပါ'' ဟု မစ်ခ်ျမက်ကော်နယ်က ပြောကြားသည်။
''တပ်မတော်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ အခါမှာ တပ်မတော်ဟာ ကချင်တွေနဲ့ တိုက်ခိုက်တဲ့အခါ သမ္မတရဲ့ အမိန့်ကို လွန်ဆန်ပြီး ဘယ်လောက် အတိုင်းအတာထိ လုပ်ဆောင်ခဲ့လဲ ဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းတွေ ရှိလာပါတယ်'' ဟု သမ္မတ ရပ်ဆိုင်းခိုင်းသော်လည်း ကချင်ပြည်နယ်တွင် ဆက်လက် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ ၎င်းက ရည်ညွှန်း ပြောကြားသည်။
ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်သည့် အမေရိကန် လက်နက်ကိုင် တပ်များသည် မြန်မာ့တပ်မတော်နှင့် ပူးတွဲလေ့ကျင့် သင်ကြားပေးခြင်းဖြင့်လည်း မြန်မာ့တပ်မတော် အနေဖြင့် အရည်အချင်း ပြည့်ဝ လာပြီး နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု နည်းလာအောင်၊ အရပ်သား ထိန်းချုပ်မှုအောက် သို့ ရောက် ရှိလာအောင် အကူအညီ ဖြစ်နိုင်သည့် အချက်တစ်ချက် ဖြစ်မည်ဟု မစ်ခ်ျမက်ကော်နယ် က ပြောကြား သည်။
''နောက်ထပ် ပြုပြင်ရမယ့် အချက်ကတော့ မြန်မာပြည်သူတွေ အနေနဲ့ ကိုယ်ကြိုက်တဲ့သူ ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခွင့် ပေးဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ပါ။ ဒါဟာ ဒီမိုကရေစီ အခြေခံ သဘောတရားပါ။ အခုလက်ရှိ သမ္မတဖြစ်ဖို့ အတွက် လိုအပ်တဲ့ ကန့်သတ်ချက်ဟာ အရမ်းကျဉ်းမြောင်းပြီး အဓိပ္ပာယ် ကင်းမဲ့နေပါတယ်။ ဘာကြောင့် အစိုးရဟာ လူထုရဲ့ ရွေးချယ်နိုင်စွမ်း အပေါ် အယုံအကြည် နည်းနေရတာလဲ'' ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့်ရှိသူ အရည်အချင်း ကန့်သတ်ချက်နှင့် ပတ်သက်၍ ၎င်းက ဝေဖန်မေးခွန်း ထုတ်ခဲ့သည်။
ယခုသတ်မှတ်ချက်သည် ၂၀၁၅ ခုနှစ် အတွက် ရည်မှန်းရေးဆွဲ ထားခြင်းဖြစ်ပြီး ပြုပြင်မှု မပြုလုပ်နိုင်ပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၏ တရားဝင်မှု၊ မ၀င်မှုအပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာနိုင်ပြီး ဆိုးကျိုးများ ရှိလာမည် ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။
တတိယအချက် ပြင်ဆင်ရမည့် အရာအဖြစ် တရားစီရင်ရေး မဏ္ဍိုင်သည် အုပ်ချုပ်ရေး မဏ္ဍိုင်၏ လွှမ်းမိုးမှုများ ခံနေရသည့် အချက်ကို ထောက်ပြခဲ့သည်။ ၎င်းက တရားစီရင်ရေးမဏ္ဍိုင် အမှီအခို ကင်းမှုသည် အလွန် အရေးပါသည့် အချက်ဖြစ်သည်ဟု ပြောကြားသည်။
နောက်ဆုံးအချက် အနေဖြင့်မူ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းရင်းသား လူနည်းစုများအား အာမခံချက် ရှိနေရန် ဖြစ်ကြောင်း ပြောကြားသည်။
''နောက်ဆုံး အချက်ကတော့ တိုင်းရင်းသား လူမျိုးစုတွေကို အာမခံပေးနိုင်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ပါ။ ဒီမျိုးနွယ်စုတွေမှာ ဗဟိုအစိုးရနဲ့ တပ်မတော်အပေါ် မယုံကြည်မှုတွေ အမြစ်တွယ်နေပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာသာ သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အကာအကွယ်တွေ ပေးမယ် ဆိုရင် အစိုးရနဲ့ အဆင်ပြေလာဖို့ အတွက် အချိန်အများကြီး ပေးရမယ်လို့ ကျွန်တော် မထင်မိပါဘူး'' ဟု ၎င်းက ပြောကြားသည်။
အသက် ၇၁ နှစ်ရှိပြီဖြစ်သော မစ်ခ်ျမက်ကော်နယ်သည် ရီပတ်ဘလီကင် ပါတီဝင် တစ်ဦးဖြစ်ပြီး ကင်တက်ကီပြည်နယ်မှ အထက်လွှတ်တော် အမတ်တစ်ဦး ဖြစ်သည်။ ကင်တက်ကီပြည်နယ် သမိုင်းတွင် သက်တမ်းအရင့်ဆုံး လွှတ်တော်အမတ် တစ်ဦးဖြစ်ပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ သြဇာကြီးမားသော လွှတ်တော်အမတ် တစ်ဦးဖြစ်သည်။
မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်တွင် ၎င်းနှင့် တွေ့ဆုံပြီး နောက်တွင်မှ အရေးယူ ပိတ်ဆို့မှုများကို လျော့ချပေး ခဲ့ခြင်း ဖြစ်သည်။

EMG

No comments:

Post a Comment