Monday, August 12, 2013

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် ပြန်လည်သုံးသပ် စရာများ ရှိသော်လည်း အများဆန္ဒကို အလေးဂရု ပြုသောအားဖြင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွင် ပြန်လည် သုံးသပ်ရန် အချက်များ ရှိသော်လည်း လွှတ်တော် ကိုယ်စားလှယ် အများစု၏ သဘောဆန္ဒအရ အတည်ပြုထားခြင်း ဖြစ်သောကြောင့် အများဆန္ဒကို အလေးဂရု ပြုသောအားဖြင့် နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့က သြဂုတ် ၈ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
ယင်းသတင်း ထုတ်ပြန်ချက်တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းဟု အမည်ပေးထား သော်လည်း ပါဝင်သည့် ဖော်ပြချက်များသည် လာဘ်ပေးလာဘ်ယူမှု အရေးယူခြင်း ဆိုင်ရာများကိုသာ ဖော်ပြထားခြင်း၊ ဥပဒေ၏ အမည်နှင့် ကိုက်ညီစေရန် အဂတိ လိုက်စားမှု စကားရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုချက် ဖော်ပြရန် လိုအပ်ခြင်း၊ အဂတိ လိုက်စားမှုတွင် မလျော်သြဇာ သုံးစွဲမှု၊ လာဘ်ပေး လာဘ်ယူမှုနှင့် တမင်တာဝန် ပျက်ကွက်မှုများ ပါရှိရာ ဥပဒေကြမ်းတွင် ပြည့်စုံစွာ ရေးဆွဲရန် လိုအပ်ခြင်းတို့ ရှိနေကြောင်း နိုင်ငံတော် သမ္မတက သဘောထား မှတ်ချက်ပြုခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။
ယင်းဥပဒေကို မူလက လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းအဖြစ် အမျိုးသား လွှတ်တော်တွင် စတင်ဆွေးနွေး ခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော်နာယကနှင့် နိုင်ငံတော် သမ္မတတို့ အပြန်အလှန် သ၀ဏ်လွှာများ ပေးပို့ခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက် ၁၂ ချက် အနက် ၁၀ ချက်ကို လက်ခံခြင်း မပြုဘဲ မူလအတည်ပြုချက် အတိုင်း ဆက်လက် အတည်ပြု ထားသည့်အပြင် ပြန်လည် ပေးပို့သော ဥပဒေကြမ်းတွင် ထပ်မံသုံးသပ်သင့်သော ယင်းအချက် သုံးချက်ကို သြဂုတ် ၇ ရက်က နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည် ပေးပို့သည့် သ၀ဏ်လွှာတွင် ထိုသို့ သဘောထားမှတ်ချက် ပြုခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ဥပဒေကြမ်းပါ ဖော်ပြချက် အချို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ရန် စိစစ်သည့် ကိစ္စရပ်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် အရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ''ပြဋ္ဌာန်းလိုက်သည့် ဥပဒေ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည် လည်းကောင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်သည် လည်းကောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါအတိုင်း လိုက်နာကျင့်သုံးရမည်'' ဟု ပြဋ္ဌာန်း ထားရှိသည်ကို အလေးဂရု ပြုသင့်ကြောင်း၊ ယင်းချက်များ ရှိသော်လည်း အများဆန္ဒကို အလေးဂရု ပြုသောကြောင့် လက်မှတ်ရေးထိုးပါကြောင်း သ၀ဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြချက်များအရ သိရသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို သြဂုတ် ၈ ရက်တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအ မှတ် ၂၃ အဖြစ် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေတွင် အခန်း ၁၁ ခန်း ပါဝင်သည်။
ယင်းဥပဒေအရ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဖွဲ့စည်းရေးအတွက် နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့သည် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသည့် အဖွဲ့ဝင် ငါးဦးစီကို ရွေးချယ်ရမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၅ နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ နိုင်ငံရေးရာထူး လက်ရှိ ဖြစ်သူမှအပ လုပ်ပိုင်ခွင့် အာဏာရှိသူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်ကို ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ နိုင်ငံရေးရာထူး လက်ရှိ ရှိသူနှင့် လုပ်ပိုင်ခွင့်အာဏာ ရှိသူမှအပ အခြားမည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

EMG
8.1.1

8.1.1

No comments:

Post a Comment